၂၀၀၉ ခုနှစ် (၆၁)နှစ်မြောက်မြန်မာ့လွတ်လပ်ရေးဇာတာ

on Tuesday, January 13, 2009

အပြည့်အစုံသို့...

အမိုက်အမဲတို့အတွက် ရွှေရောင်အတိတ်ရဲ့ ဆုံးမစာ

တွေးကြည့်ကြပါဦးကွယ်ရို့။ တရားက အမှားတွေဖြစ်ဖြစ်နေရတယ်လို့။ တိုင်းတပါးသား မျက်နှာဖြူတွေတိုက်ရ၊ ဟို ရိုင်းစိုင်းတဲ့ဖက်ဆစ် ဂျပန်တွေတိုက်ရ လွတ်လပ်ရေးရလို့မှ ငြိမ်းချမ်းမှုနဲ့ ပူပူနွေးနွေးမနေလိုက်ရ။ ဓားဆွဲလိုက် မီးပေါက်ကိုင်လိုက် တိုက်လိုက်ရတဲ့ ဒို့ဗမာ။ အချင်းချင်းတခါပြန်ချရတမုန့်၊ အဟုတ်ကိုမပီးတော့တဲ့ စစ်တွေ။ ဒီလို အရေးဟဲ့မှာ စုစည်းမှုတခုတခုဖြစ်လာအောင်ကလည်း တို့အဘပြောတဲ့အတိုင်းပြောရ… “ကောက်ရိုးမီးလိုပ။ အစလည်းမပါ။ အဆုံးလဲမလိုက်။ ဒီငနွားတသိုက်ကို ဘယ်ပေပရပိုဒ်နဲ့ ရိုက်သင်ရပါ့။ လခွီး။” ဆိုတာမျိုး။

နောက်ပြီး မင်းတို့ တိုင်းပြည်အုပ်ချုပ်မင်းလုပ်နေတဲ့ကောင်တွေကလည်း မိုက်ရိုင်းလိုက်သကွာ။ ဟိုးတုန်းက ရွာဦးကျောင်းဆရာတော်ဆိုတာ လင်မယားရန်ဖြစ်ရင်တောင် သူ့တောင်ဝှေးးနဲ့ ရိုက်ဆုံးမလို့ရသေး။ နန်းရေးနန်းရာတွေမှာတောင် စွက်ဖက်ပိုင်ခွင့်ရှိတယ်ဆိုတာ စာဖတ်တတ်ရင် သမိုင်းစာ ပြန်ဖတ်ကြည့်ဦး။ ငတို့ ဘိုးစဉ်ဘောင်ဆက်ယုံကြည်ကိုယ်းကွယ်လာတဲ့ ဘာသာတရားတောင် လူရှေ့ချ စော်ကားပြသေး။ အေးလေ မိမဆုံးမ ဖမဆုံးမ ဒမြတွေ ဗိုလ်လုပ် အုပ်ချုပ်နေကြတာဆိုတော့။

ငတို့ခေတ်က စစ်တပ်ဆိုတာ… ကိုယ့်အိုးနဲ့ကိုယ့်ဆန် တန်သလောက် အင်အားနဲ့တပ်ဖွဲ့ထားရုံနဲ့ လုံလောက်တယ်။ ဘုရင့်အခွန်တော်ဆိုတာကလည်း ငတို့တတ်နှိုင်ရုံကောက်သဟေ့။ အရေးပေါ်လာလို့ ဘုရင့်အမိန့်တော်နဲ့ လှည်းနေလှေအောင်းမြင်းဇောင်းမကျန်လာစုမှ စာရင်းသွင်း၊ စစ်ရေးစစ်ရာလေ့လာ တပ်တော်နောက်လိုက် တိုက်ရတာမျိုး။ အချိန်တန်လို့ စစ်ပြီးတဲ့အခါ ကိုယ့်မြေကိုယ့်ရွာပြန် ငါးဖမ်း၊ လယ်လုပ်၊ ထင်းခုတ်ရတာမျိုးပ။ ငတို့မကျွေးနှိုင်လောက်အောင် အင်အားများတဲ့ ဘုရင့်တပ်ဆိုတာ မရှိသလောက်ပေါ့။ အဘက်ဘက်က ပြည့်အရေးဖြည့်ဆည်းပေးတဲ့လူတွေဖြစ်ရတာများ ၀ံ့ကြွားမဆုံး။ ငတို့လည်း ရင်ကော့ပြီး နေခဲ့ကြတာပါ။ ငတို့ကိုယ်ငတို့လည်း ရဲရဲ ကာကွယ်နှိုင်တာပ။ တို့ကိုသူတပါး စော်ကားဘို့ မ၀ံ့ဘူး။ ငတို့လက်တွေနဲ့ ကြိုးစားခဲ့ကြတယ်။ ငတို့ထားခဲ့တဲ့ အမွေအနှစ်တွေကို မင်းတို့များ ခံစားရမလားပေါ့။ ထားခဲ့တဲ့အတိုင်းမရတာ၊ မထိမ်းသိမ်းနှိုင်တာက မင်းတို့ညံ့တာပ။ ဟုတ်စ။ အမျိုးတွေရော မှန်ကြသေးရဲ့လား။

ငတို့မှာ မျှော်လင့်ချက်တွေကိုယ်စီရှိတာပ။ မင်းတို့ နောင်လာနောက်သားတွေအတွက်လည်း တွေးလုပ်ခဲ့သပ။ ငတို့ယုံကြည်မှုကို မင်းတို့ ညံ့လို့ ပျက်တာမဖြစ်ကောင်းဘူး ဟုတ်လား။ ရွှေတ၀င်းဝင်း ငတို့နေနှိုင်တဲ့ခေတ်ကို အိပ်မက်မက်ကြည့်စမ်း။ ငတို့က ကိုယ့်အမျိုးကို ကိုယ်ယုံတာမှ ဆွဲခွဲတောင်မကွဲဘူး။ တို့တုန်းက အသွေးလဲညီတယ် အတွေးလဲညီတယ်။ မခိုမကပ်စတမ်း အလုပ်လုပ်ကြတဲ့နေရာမယ် ညီတယ်။ အဲဒီလိုမဟုတ်ရင် အင်အားမရှိဘူး။ ငတို့က မျှော်လင့်ချက်ထားတယ်။ ဒါ့ကြောင့် ငတို့မှာ ငတို့မျှော်လင့်တဲ့ အနာဂတ်ရှိတယ်။ ငတို့မျိုးဆက်ကို စဉ်းစားလို့ တို့တွေမှာ မျှော်လင့်ချက်ရှိတာပ။ မင်းတို့မှာကော ရှိရဲ့လား။

မင်းတို့ ညံ့သကွာ…

တသက်လုံးစစ်တပ် ကျွန်လုပ်ရခါနီးဖြစ်နေတဲ့ မင်းတို့ကညံ့ပြီဆိုရင်…. နောင်လာနောက်သားတွေ့ရဲ့ ဇောက်ထိုးကျတော့မယ့် မျိုးစေ့ကို မင်းတို့ ချန်ကြမလို့လား။ မင်းတို့ကိုယ် မင်းတို့ ကျွန်သားပေါက်လောက်ထက် အရောင် မထွက်နှိုင်တော့ဘူးထင်လား။ မှိုင်းတိုက်ထားတာခံရပြီး ငပြင်းတွေ၊ ငတုန်းတွေလို ခိုးရာပါ ပစ္စည်းတွေနဲ့ ကျေနပ်နေကြတယ်ပေါ့။ စဉ်းစား… စဉ်းစား။ ဘာတွေလုပ်ရမှာလဲ… ဘာတွေလုပ်ကြမလဲ။ မောင်ရို့ မယ်ရို့ အသေချာ စဉ်းစားကြ။ မင်းတို့ရလာမယ့် ဆုံးဖြတ်ချက်က ငတို့အမျိုးရဲ့ အနာဂတ်ပေါ့။ ကောင်းရင်ကောင်းသလို ဆိုးရင်ဆိုးသလို သမိုင်းပေထက် အက္ခရာတွင်မှာပ။ ဒီတခါ ဖြုတ်ဥနှောက်လောက်နဲ့ အမျှော်အမြင်မရှိတဲ့ သင်းတို့နိုင်သွားဦးမယ်ဆိုရင် မင်းတို့…….

အပြည့်အစုံသို့...

“အောင်ဆန်းလွှတ်တော် မင်းလောင်းပေါ်”

on Monday, January 12, 2009

သာသနာတဝက်ခရီးမှာလ၊ ကနက်ထီးတွေနဲ့ ပျက်စီးဘို့အရေးကြုံ၊ ရွှေပေးမယ် မယ်မယုံ၊ငွေပေးမယ် မယ်မယုံ၊ နယ်အကုန်ပျက်မည့်အရေး၊ အသိဉာဏ်နှင့်တွေး။ ဘုရားတွေ ရင်မောက်ရင်ဖြင့်၊ တံတားတွေတွင်တွင်ဆောက်ပါလို့၊ အခြားပြည်ဝင်ကာနှောက်ရင်ဖြင့်၊

ပြည်တော်ပြန်စုငယ်ထွေးကို နန်းအပ်မှအေး။

တံခူးကုန် ကဆုန်ဆန်းပြန်တော့၊ ပျိုနုဖြန်းရယ်ကဟန်တော့မယ်၊ အသွယ်သွယ်၊ နယ်ပါယ်၌်ဆော်သြ၊ ထုံးအိုးတွေရေမှာမျှောတယ် (သင်း) တောက်လျှောက်လျှော။ ။

မြန်မာယဉ်ကျေးမူနယ်ပါယ်တစ်လျှောက်မှာ အထင်အရှားသီးခြားရပ်တည်နေတဲ့အတတ်ပညာ တခုရှိခဲ့ပါတယ်။ ရပ်ဓလေ့ ရွာဓလေ့အစွဲဟာဒီနေ့အထိ ထင်ထင်ရှားရှား ရှိနေဆဲပါ။ နှစ်ပေါင်း (၁၄၅)နှစ် ရှိနေပြီးဖြစ်တဲ့ လောကီ၊ လောကုတ္တရာနှစ်ဖြာသောအသိပညာတွေနှင့် ပြည့်စုံတဲ့ ပညာရှိတစ်ဦးရဲ့ အထက်ပါအတိတ်တဘောင်နဲ့ လက်ရှိ ဖြစ်ပျက်နေတဲ့ မြန်မာ နိုင်ငံအခြေအနေတွေနှင့် အနာဂါတ်မြန်မာနိုင်ငံရဲ့ ဖြစ်ပေါ်လာမည့်နိမိတ်ပုံတွေကိုအတိတ် ဆောင်ပြီး မြန်မာပြည်သားအားလုံးဝိုင်းပြီးစဉ်းစားကြပါစို့။ ။

မြန်မာပြည်ဆိုတာ ဇမ္ဗူဒီပါလက်ယာတောင်ကျွန်းသြဘာနိမိတ်ထွန်းတဲ့ကျွန်းလို့ ယုံကြည်ခဲ့ကြတာဆိုတော့ တဘောင်အစမှာ“သာသနာတဝက်ခရီးမှာလ”လို့အစချီထားပါတယ်။ ဗုဒ္ဓဘာသာဝင်အပေါင်းသက်ဝင်ယုံကြည် လက်ခံအတည်ပြုထားကြတာက သာသနာငါးထောင်ကိုတဝက်ဝက်လိုက်လျှင် နှစ်ထောင့်ငါးရာ အဲဒီ နှစ်ထောင့်ငါးရာသာသနာကျော်သောအခါမှာ “ကနက်ထီးတွေနဲ့” ကနက်ကဒါန် ထီးဖြူလို့ခေါ်တဲ့ ထီးသုံးနန်းသုံး တန်ခိုးအာဏာရှိသူတို့ရဲ့ အမှတ်တံဆိပ်။ ထီးဖြူဆောင်းလျှင်မင်းလောင်းတဲ့ အဲဒီကာလမှာ မြန်မာပြည်ရဲ့ ပြည်နယ်နဲ့ တိုင်း(၁၄) တိုင်းမှာ ဒေသပါတီဥက္ကဌတွေဆိုပြီး အုပ်ချုပ်ခဲ့တဲ့ ကာလနှင့် ကိုက်ညီ တိုက်ဆိုင်နေပါ တယ်။ ရုံးတစ်ရုံး ဓါးတစ်စင်း ဆိုတဲ့အာဏာထူထောင်ရေးကိုတစိုက်မတ်မတ် လုပ်ခဲ့တဲ့အတွက် ကနက်ထီးတွေနဲ့ လို့ ဆိုတာဖြစ်ပါတယ်။ “ပျက်စီးဖို့အရေးကြုံ” အဲဒီလိုသူတို့အာဏာတည်မြဲရေးအတွက် ဘုရင်တစ်ဆူလို မင်းမူပြီး အုပ်ချုပ်နေရင်တော့ ပျက်စီးလိမ့်မည်လို့ ပြောတာဖြစ်တယ်။ ပျက်စီးဖို့အရေးကြုံ ကိုကြုံရလိမ့်မယ်။

“ရွှေပေးမယ် မယ်မယုံ ၊ ငွေပေးမယ် မယ်မယုံ” အဲဒီလိုပျက်ဖို့အရေးကြုံလာတဲ့အခါ တို့ပါတီက ကေဒါ အဆင့် ဆင့်နှင့်တည်ဆောက်ထားတာ။ အောက်ခြေအဆင့်မှ ဗဟိုအဆင့်ထိ ခိုင်ခိုင်မာမာတည်ဆောက်ထားတာ ဘယ်လောက်ပြောပြာ မယုံလိုက်နဲ့တဲ့။ ရွှေတွေငွေတွေ ပုံပေးပြီးပေးတာတောင်မယုံလိုက်နဲ့ ပျက်ကိုပျက်မှာပါလို့ ညွှန်းဆိုနေတာဖြစ်တယ်၊ “နယ်အကုန်ပျက်မည့်အရေးအသိဉာဏ်နှင့်တွေး” ဘယ်လိုပျက်မှာလဲဆိုတော့ မြန်မာ တပြည်လုံး လှည်းနေ လှေအောင်း မြင်းဇောင်း မကျန် အကုန်ပျက်ပါလိမ့်မယ်လို့ တဘောင်က ဆိုခြင်းဖြစ်တယ်။ အဲဒါကြောင့် ၁၉၈၈ မှာ မဆလပါတီ ဘုန်းဘုန်းလဲပြိုကျပျက်စီး အချည်းနှီးဖြစ်ပြီး ကွယ်ပျောက်ခဲ့ပြီ။ မဆလ ပါတီဟာ ဦးနေဝင်းနဲ့အတူ နေဝင်သွားပြီ။

“ဘုရားတွေ ရင်မောက်ရင်ဖြင့်” နဝတခေတ် ၁၉၈၉ ခုနှစ် ဇူလိုင်လလောက်မှစ၍ ကျောက်ဆင်းတု ဗုဒ္ဓရုပ်ပွား တော်တွေရဲ့ မဏိတော်တွေမှာ မျက်နှာတော်တွေမှာ၊ ရင်မောက်လာတယ် ဆိုတဲ့ သတင်းအမျိုးမျိုး ကြားသိ တွေ့မြင်ခဲ့တယ်။ တာမွေနတ်ချောင်းနှင့် သင်္ဃန်းကျွန်းဘက်မှာ တော်တော် လူသိများခဲ့တယ်။ အဲဒီလို ဗုဒ္ဓရုပ်ပွါး တော်တွေ ရင်မောက်ပြီးသောအခါ စေတီ၊ ပုထိုးတော်တွေမှာ ထူးခြားတဲ့ နိမိတ်လက္ခဏာတစ်ခုခုတွေ့ရတဲ့ သတင်းတွေကြားသိခဲ့ရပြန်တယ်။

“တံတားတွေတွင်တွင်ဆောက်ပါလို့” ဗုဒ္ဓရုပ်ပွားတော်တွေ ရင်မောက်ပြီးတဲ့အချိန်မှ စ၍ နဝတ စစ်ဗိုလ်ချုပ် တွေဟာ မြန်မာပြည်အနှံ့ တံတားတွေ အမြောက်အများ ဆောက်လိမ့်မယ်။

“အခြားပြည်ဝင်ကာနှောက်ရင်ဖြင့်” မြန်မာနိုင်ငံမှာ နိုင်ငံရေးအခြေအနေတွေ ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်ဖို့ တွေ့ဆုံ ဆွေးနွေးရေးဖြစ်ဖို့၊ သင်ပုန်းချေရေးတွေဖြစ်ဖို့၊ ကိုယ့်အမျိုးသားအချင်းချင်း ညှိညှိနှိုင်းနှိုင်း ပြုလုပ်ဆောင်ရွက်ဖို့၊ အတိုက်အခံအင်အားစုတွေနဲ့ နအဖ ကြားတင်းမာမှုတွေ ဆက်ဖြစ်နေအုံးမယ် ဆိုရင်တော့ ကုလသမဂ္ဂအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးက ဝင်ရောက်စွက်ဖက်ပြောဆိုဆွေးနွေးလာတဲ့ အခါ “ပြည်တော်ပြန် စုငယ်ထွေးကို နန်းအပ်မှ အေး” စုငယ်ထွေးဆိုသည်မှာ အများသိကြတဲ့အတိုင်း ဗိုလ်ချုပ်အောင်ဆန်း၏ သမီးထွေး ဒေါ်အောင်ဆန်းစုကြည်ကို ပြောခြင်းဖြစ်တယ်။ ဘာကြောင့်အပ်ခိုင်း သလဲဆိုရင် လူထုဆန္ဒနှင့်အညီ ရွေးချယ် တင်မြှောက်ထားတဲ့ အနိုင်ရပါတီဖြစ်သောကြောင့် အဓမ္မသိမ်းယူထားသော တိုင်းပြည်အာဏာကို အပ်လိုက်မှ မြန်မာ့နိုင်ငံအရေး အေးသွားမယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။

“တန်ခူးကုန် ကဆုန်ဆန်းပြန်တော့ ပျိုနုဖြန်းရယ်က ဟန်တော့မယ်” တစ်တိုင်းပြည်လုံး ပါတီစုံ ဒီမိုကရေစီစနစ် ကျင့်သုံးမယ်လို့ ကော်မရှင်က ခွင့်ပြုခဲ့တာကြောင့် တရားဝင်တည်ထောင်ထားတဲ့ ပါတီတွေက မိမိတို့ မဲဆန္ဒ နယ်မြေအသီးသီးကို မဲဆွယ်စည်းရုံးကြမယ်။ အဲဒီ စည်းရုံးရေးကာလမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဆောင်ပုဒ်က “ငုနဲ့ ပိတောက် နွေမှာလှိုင်သည်၊ စုနဲ့ ခမောက် မေမှာ နိုင်မည်” လို့ ကြွေးကြော်ခဲ့တာမဟုတ်လား။ ၁၉၉၀ ခုနှစ်မေလ(၂၇)ရက်နေ့မှာ ပါတီစုံဒီမိုကရေစီစနစ်နဲ့ ယှဉ်ပြိုင်တဲ့အခါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲနိုင်လိမ့်မယ်ဆိုတဲ့ ကြိုတင်နိမိတ်သဘောဖြစ်တယ်။

“အသွယ်သွယ် နယ်ပယ်၌ဆော်သြ” အဲဒီလို မဲနိုင်ပြီးသောအခါ ကမ္ဘာ့ထုံးတမ်းအစဉ်အလာ ရှိသည်နှင့် အညီ နိုင်ငံတော်အတွက် ဥပဒေတွေ ရေးဆွဲလိမ့်မယ်။ တနည်း တိုင်းပြုပြည်ပြုလွှတ်တော် ခေါ်ယူလိမ့်မယ်။ ရေးဆွဲပြီးတဲ့ ဥပဒေတွေကို ပြည်နယ်အသီးသီးကို ရှင်းလင်းတင်ပြ အတည်ပြုချက် တွေယူဖို့အတွက် မြန်မာပြည် အနှံ့ လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် ဆော်သြလိမ့်မယ်။

“ထုံးအိုးတွေ ရေမှာမျှောတယ်၊ (သင်း) တောက်လျှောက်လျှော” ပြည်သူ့လွှတ်တော် ခေါ်ယူပြီးလို့ ရေးဆွဲ အတည်ပြု လာတဲ့ ဥပဒေတွေဟာ ရှေးထုံးတွေဖြစ်တဲ့ (၁၉၄၇)ခုနှစ် ဥပဒေ၊ (၁၉၇၄) ခုနှစ် ဥပဒေ အစရှိတဲ့ မဆလအကြိုက်ရေးဆွဲခဲ့သော ထုံးနည်းဥပဒေတွေ ရေစုံမျှောမယ်၊ ပျောက်ပြယ်သွားမယ် လို့ပြောခြင်းဖြစ်တယ်။ မဆလခေတ်ကို ထူထောင်ခဲ့တဲ့ အခြေခံဥပဒေနှင့်အတူ ၎င်းဥပဒေတွေကို အသက် သွင်းခဲ့ကြတဲ့ နေဝင်း၊ စိန်လွင်၊ မောင်မောင်၊ စောမောင်ကအစ ၎င်းဥပဒေ တွေကို ဆက်ပြီးအသက်သွင်းချင်တဲ့ ခင်ညွန့်အပါအဝင် သန်းရွှေအဆုံး နအဖ တစ်ခုလုံး ပတ်သက်ဆက်နွယ်နေတဲ့ သင်းတို့ တတွေလည်း လျှောမှာပဲလို့ ပြောခြင်း ဖြစ်တယ်။

အောင်ဆန်းလွှတ်တော် မင်းလောင်းပေါ် ဆိုသည့် တဘောင်စကားသည် ကွယ်လွန်သွားပြီဖြစ်သော ဗိုလ်ချုပ် အောင်ဆန်းက လွှတ်တော်မခေါ်နိုင်တော့ပါ။ သို့သော် ဗိုလ်ချုပ်၏ သွေးဆက်ဖြစ်သော သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်မှ တတိုင်းပြည်လုံးရှိ မဲဆန္ဒရှင်များ၏ ဆန္ဒအရ အနိုင်ရပါတီက ဦးဆောင်၍ ပြည်သူ့ လွှတ်တော်ခေါ်ယူလိမ့်မယ်လို့ အဓိပ္ပါယ်သက်ရောက်တဲ့ တဘောင်စကားဖြစ်ပါ တယ်။ ဒီနေ့အနှစ် ၂၀ ကျော် ကာလအထိ လွှတ်တော်မခေါ်ယူနိုင်တာဟာ စစ်အစိုးရသည် ၎င်းတဘောင်စကားများကို မပျက်ပျက်အောင် နည်းအမျိုးမျိုးနှင့် ဖျက်နေခြင်း၊ ဓါတ်ရိုက် ဓါတ်ဆင် ပြုလုပ်ခြင်း၊ ယတြာ အမျိုးမျိုးပြုလုပ်ခြင်း၊ နာမ်နှိမ်ခြင်း အစရှိတဲ့ ထေရဝါဒနှင့်ဆန့်ကျင်သော သူတို့အာဏာတည်မြဲဖို့အတွက် နည်းမျိုးစုံသုံးပြီး ဖျက်နေခြင်းဖြစ်တယ်။ လွှတ်တော်မပေါ်ရေး၊ လွှတ်တော်မခေါ်နိုင်ရေးအတွက် အချိန်ဆွဲခြင်း ၊အမျိုးအစား လေသံတူ ညောင်နှစ်ပင် နောက်ဆုံးထား၍ အမျိုးသားညီလာခံကျင်းပနေခြင်း လွှတ်တော်ကိုယ်အမတ်တွေကို ဖမ်းဆီးထောင်ချနေခြင်း၊ အချို့အမတ်တွေကို တိုင်းပြည်အတွင်းမှာနေလို့မရအောင် နည်းအမျိုးမျိုးနှင့် နှောင့်ယှက်နေခြင်း၊ (၂၀၀၇)ခုနှစ် မေလ (၁၀)ရက်နေ့မှာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပခြင်းအစရှိတဲ့ အောင်ဆန်းလွှတ်တော်မပေါ်ပေါက် အောင် ပြုလုပ်နေခြင်းဖြစ်တယ်။ တဘောင်ဆိုတာ ဆွေးမှမှန်တယ်ဆိုတဲ့ အချက်ကိုတော့ ကိုရွှေ န.အ.ဖ.များ သိမယ်မထင်ပါ။ သာသနာတ၀က် မင်းကောင်းတစ်ဆက်လို့ တဘောင်တွေလဲ ပေါ်ထွက်ခဲ့တာကြောင့် ယနေ့ ကြပ်ပြေးနေပြည်တော်ကိုထူထောင်တော်မူသောသန်းရွှေသည် သူ့ကိုယ်သူဘ၀ရှင်မင်းတြားကြီးလို့ အထင် ရောက်နေသည်။ တကယ်တမ်းဆန်စစ်လိုက်သောအခါ နေ၀င်းအစ သန်းရွှေအဆုံးအားလုံးသောမင်းတို့သည် အဆိုးသက်သက်ဖြစ်ကြသည့်အတွက် သာသနာတ၀က် မင်းဆိုး အဆက်ဆက်ဆိုသည့် စကားနှင့်သာ ညီညွတ် နေပေသည်။ ယခုရေးသော တဘောင်စာကိုဖတ်သူအပါင်းတို့သည်တဘောင်ဖတ်၍အချောင်နှပ်နေခြင်း တဘောင်ရွတ်၍အချောင်လွတ်နေခြင်း တဘောင်နိမိတ် နဲ့ အချောင်အိပ် နေခြင်း၊ တဘောင်သဘောမှာ အချောင်မျှောနေခြင်း တဘောင်စကားတွေနဲ့ အချောင်နားနေခြင်း ဆိုတဲ့ လက်တွေ့မပါသော စိတ်ကူးယဉ်မှု များကိုဖျောက်ဖျက်ပြစ်ပါ။ အဘယ်ကြောင့်ဆိုသော်အင်းဝခေတ်မှသည် ရဲဘော်သုံးကျိပ် ခေတ်အထိ ရွပ်ရွပ်ချွံချွံ သူမတူအောင် တော်လှန်တိုက်ပွဲဝင်ခဲ့သည့်အတွက် လိုရာ ခရီးကို ရောက်ခဲ့ကြပြီး တဘောင်ဟူသည် ဖြစ်ပေါ်ဆဲ နောင်ဖြစ်ပေါ်လာမည့် အနာဂါတ်ကို ထင်ဟပ် စေသောစကားမျိုးဖြစ်သည်။ တနည်းပြောလျှင် နည်းပေးလမ်းပြ သဖွယ်ဖြစ်သည် လက်တွေ့အကောင်အထည် ဖေါ်ရမှာက စနစ်တကျသိသောသူများက ဦးဆောင်လျှက် လိုရာခရီးသို့ရောက်အောင် တိုင်းပြည် အနှံ့ ပြုလုပ် ဆောင်ရွက်ရမှာဖြစ်တယ်။

(၁၃၅၀)ပြည့်လူုထုအရေးတော်ပုံပြီးစက “ဇာနည်ကြက်မ” ဆိုတဲ့ တဘောင်နှင့် ဆက်စပ်ကြည့်ပါ “ဂူပုန်းတဲ့ ခင်ကြီးပျော်တို့ရယ် သမီးတော်လွှတ်လိုက်ပါအုံး၊ ဇာနည်ကြက်မ သူတွန်လျှင် ဇမ္ဓူတခွင်လင်းလို့မဆုံး” လို့ တွေ့ရမှာပါ ။ ဒါကြောင့် မြန်မာနိုင်ငံရေးကို အတိတ်ဆောင်၍ နိမိတ်တဘောင်စကားတွေနှင့် မြန်မာလူထုကို နှိုးဆော်လိုက်ပါတယ်၊ အောင်ဆန်းလွှတ်တော် အမြန်ပေါ် ပေါက်ရေးသည် မြန်မာပြည်သားအားလုံး၏ တာဝန် ပင်ဖြစ်ပါသည်။ ။



မင်းခေါင်မြေး

အပြည့်အစုံသို့...

“မိစ္ဆာလူမိုက်… ဓါတ်တွေခိုက်… မြန်စွာပျက်စီးကြလိမ့်မည်”

on Friday, January 9, 2009

နေတဆူလတဆူလိုထင်ပေါ်ကျော်ကြားတဲ့ သာမညတောင် ဆရာတော်ဦးဝိမလရဲ့ကြွင်းကျန်နေတဲ့ ဆရာတော် ရုပ်ကလာပ်ကိုတပည့်တွေပူဇော်ဘို့အဓိဋ္ဌာန်နဲ့သာမညတောင်မှာထားရစ်ခဲ့ပါတယ်။ ၀ိဇ္ဇာတွေရဲ့အလိုအရ တပည့်လက်ဝယ်မှာထားခဲ့ခြင်းဖြစ်ပါတယ်။ တပည့်သာဝကဝေနေရာတို့ကုသိုလ်တရားပွါးဖို့ထားခဲ့တာဆိုလျှင်ပို၍လျှော်ကန်သင့်မြတ်ပေလိမ့်မည်။ ၀ိဇ္ဇာလမ်းစဉ်လိုက်စားသူများသိကြပါသည်။မြန်မာနိုင်ငံနှင့်ပါတ်သက်တဲ့ ကောလာဟာလ သတင်းတွေက များလွန်းတော့ ယုံရအခက်ဖြစ်နေပါသည်။ အမည်မသိ ခေါင်းစွပ်အမဲ ပျောက်ကျားဝတ်စုံဝတ်ထားတဲ့ လက်နက် ကိုင်လူတစု လာရောက်လုယူသွား တယ်ဆိုတဲ့ သတင်းဟာတောမီးပမာတကမ္ဘာလုံးပျံနှံ့သွားတယ်။ တော်တော်လဲအံ့သြတုန် လုပ်မိတယ် ဆရာတော်ရုပ်ကလပ်ကိုမီးရှို့ဖျက်ဆီးလိုက်တယ် ဆိုတဲ့နောက်ဆက်တွဲ သတင်းတွေလဲ ထွက်ပေါ်လာခဲ့တယ်။ ဘာကြောင့်ဒီလိုပြုလုပ်ကြတာာလဲလို့ တွေးနယ်ချဲ့ မိတော့တယ်။ ……
မြန်မာနိုင်ငံမှာမကြုံ စဖှုးထူးကဲ့တဲ့ သတင်းတွေဟာ (၁၉၈၉) ခုနှစ်လောက်ထဲက အံဘွယ်ဘနန်း သြချလောက် အောင် ကြုံရ ကြားရ တွေ့မြင်ခဲ့ရတယ်။ ကျောက်ဆင်းတု ကိုယ်တော်တွေ ရင်မောက်လို့ မျက်ရည်ယိုထွက်လို့ ပုပ္ပါးတောင်ကလပ်မှာ မြေတွေတ ဖြေးဖြေး နိမ့်ဆင်းသွားလို့ ကျိုက်ထီးရိုးရသေ့တောင်ဘက်မှာ တောင်တွေ ပြိုကြလို့ ရေကြီး လို့ ရွှေတိဂုံထီးတော် တော်တော်နဲ့ ပြန်တင်လို့မရလို့ဆိုတဲ့ ထူးဆန်းအံသြဖွယ်ရာ အဖြစ် အပျက်တွေဟာ မိမိတို့ကိုယ်ကို ဘုန်းရှင် ကံရှင် သမ္ဘာရှင်တွေလို့ အထင်ရောက်ပြီး သူတို့စိတ်ထဲရှိသမျှ ထင်တိုင်းကြဲခဲ့တဲ့ စစ်အာဏာာရှင်န၀တ နအဖ လက်ထက်မှာပေါ် ခဲ့တာဖြစ်ပါ တယ်။
ကမ္ဘာဗုဒ္ဓ၀ိပဿနာလို့ ကမ္ဘာနိုင်ငံအသီးသီးမှာ လူသိများပြီး တရားစခန်းတွေဖွင့် သာသနာအဆုံးအမတွေ တည်အောင်ကြိုးစားအားထုတ်နေတဲ့လူဓမ္မကထိက၊ ကမ္မဋ္ဌာနစရိယ ဆရာတဆူဖြစ်တဲ့ ဆရာကြီးဦးဂိုအင်ဂါ ကို တရားအမွေပေးသူဟာ ဆရာကြီး ဦးဘခင် ဖြစ်ပါတယ်။ တခါ ဆရာကြီးဦးဘခင်ကို ဒီလိုတရားဉာဏ်တွေရောက် အောင် သွန်သင် ညွှန်ပြ ဆုံးမခဲ့တာက ဆရာသက်။ အနာဂါမ်ဆရာသက်ကြီးလို့ မြန်မာနိုင်ငံမှာ ထင်ရှားကျော် ကြားတဲ့ လူဓမ္မကထိက ဆရာတဦးပါ။
ထိုအနာဂါမ်ဆရာကြီး၏ ကြွင်းကျန်ရစ်သောရုပ်ကလပ်ကိုရန်ကုန်မြို့ ရွှေတိဂုံစေတီတော်ရဲ့ မြောက်ဘက်မုခ် သွေးဆေးကန်အနီး အာဇာနည်ဗိမာန်ရဲ့ အထက်ကုန်းမြေမြင့်မှာ ဂူသွင်းမြှုပ်နှံခဲ့ပါတယ်။
၁၉၈၈ ခုနှစ် စက်တင်ဘာလ (၁၈) ရက်နေ့မှစ၍ တိုင်းပြည်ရဲ့အာဏာအရပ်ရပ်ကို အာဏာသိမ်းပြီးတက်ခဲ့တဲ့ စစ်အစိုးရက၊ န၀တ ဆိုပြီးဆိုင်းဘုတ်ထောင်တဲ့ အချိုန်မှစ၍ အဖေ့ထက်သားတစ်လကြီးဆိုတဲ့ စကားနှစ်အညီ အထက်ကပြောခဲ့တဲ့ အနာဂါမ်ဆရာသက် ကြီး၏ဂူအပါအ၀င် အာဇာနည်ဗိမ္မန်ရဲ့အထက်မှာ ကျောက်တုံးကြီး တတုံးစိုက်ထူပြီး သူရဲကောင်းစစ်သည်ဗိမ္မန်ဆိုပြီး ပန်းခြံတခု တည်ဆောက်ခဲ့တဲ့အတွက် အဲဒီအချိန်မှစ၍ အနာဂါမ်ဆရာသက်ကြီးရဲ့ ဂူလဲပျောက်ခြင်းမလှ ပျောက်ကွယ်သွားပြီး ယနေ့အချိုန်ထိဘယ် ရောက်သွားသည် မသိဖြစ်ခဲ့တယ်။
ပဲခူးမြို့ရဲ့အင်္ဂါဒေါင့်မှာ ရာဇာဓိရာဇ်လက်ထက်၊ ဘရင့်နောင်လက်ထက်မှ ဘီအိုင်အေ ဘီဒီအေ ခေတ်အထိ အောင်မြေလို့သက်မှတ်ခဲ့တဲ့ နေရာထူး နေရာမြတ်တခုရှိခဲ့ပါတယ်။ တိုက်ပွဲဝင်သူတို့ရဲ့အောင်မြေဖြစ်လို့လား။ ပဲခူးမြို့ကို အညွှန့်ချိုးခြင်လို့လားဆိုတာ သဲသဲ ကွဲကွဲ မသိရပေမဲ့ နံနှိမ်တဲ့အနေနဲ့ သုဿန် အဖြစ်ပြောင်းလဲ ခဲ့တယ်။
စစ်အာဏာရှင်တို့ရဲ့ ပရောဟိတ်တွေရဲ့အစီအမံဖြင့် သမိုင်းဝင်နေရာကောင်း နေရာသန့်နေရာမြတ်ဟာ သုဿန်တစသင်္ချိုင်းဝဖြစ်ခဲ့ရပြီး။ သမိုင်းအစဉ်အလာကြီးမားတဲ့ နေရာတွေကို မဖျက်ဆီးသင့်ကြောင်း လူအပေါင်းကစာရေးအကြောင်းကြားတောင်း ဆိုပေမဲ့ ငါမြင်းငါစိုင်း စစ်ကိုင်းရောက်ရောက်ဆိုတဲ့သဘောနဲ့ ထင်ရာစိုင်းခဲ့ကြပြီ။ ထိုကဲ့သို့ထင်ရာစိုင်းနိုင်အောင် အထက်ကပြောခဲ့တဲ့ပရောဟိတ်တွေထဲမှာ ဘုန်းကြီး ပရောဟိတ်တွေလဲပါတယ်။
ဆူးလေစေတီတော်ကို ဘက်စုံမွမ်းမံပြင်ဆင်တယ်ဆိုပြီး ကုန်းတော် ပါတ်လည်မှာရှိတဲ့မြေတွေကို ဖဲ့ထုတ်ပြီး သမ္မတရုပ်ရှင်ရုံရှေ့က တံတားဆောက်တဲ့နေရာ မှာ၎င်းဘုရားမြေတွေကိုဖို့ခဲ့တယ်။ အညာသီဟတောဘုရား ပခုက္ကူသီဟိုရ်ရှင်ဘုရားကိုလဲ ပုံသဏ္ဍန်အတုပြုလုပ်ပြီး ၄င်းဘုရားအစစ်ကို အလောင်းစည်သူမင်းရဲ့ ပြဒါးရှင်လုံး ရှိတယ်ဆိုပြီးအပိုင်းပိုင်းအတစ်တစ်ဖြတ်တောက်ခါ ပြဒါးရှင်လုံးရှာပုံတော်ဖွင့်ခဲ့ဘူးတယ်။ ပုဂံရာဇ၀င်မှာ အထင် အရှားရှိခဲ့ဘူးတဲ့ ထီးလိုမင်းလိုစေတီကို အမည်ပညတ်ပြောင်းပြီး ထီးရောက်မင်းရောက်စေတီလို့ အမည် ပြောင်းလဲသက်မှတ်ခဲ့တယ်။ ကျိုက်ထီးရိုးစေတီကိုလဲ မူလပုံသဏ္ဍာန်ကိုဖျက်ပြီး ပုံစံအသစ်တည်ဆောက်ခဲ့တယ်။ မန္တလေးမြို့က မဟာမုနိရုပ်ရှင်တော်မြတ်ကြီးကိုလဲ ဗိုက်ဖေါက်ဋ္ဌာပနာတွေခိုးယူခဲ့တယ်။ သူတို့်လိုချင်လျှင် ဘာမဆိုလက်နက်အားကိုးဓါးပြသူခိုးလိုအမျိုးမျိုးကြိုးစားအားထုတ်ခဲ့ ကြတယ်။
ထေရဝါဒသာသနာထွန်းကားရာ မြန်မာနိုင်ငံဒေသအသီးသီးမှာ ပဋိယက် ပဋိပတ် အကျင့်မြတ်တွေတင်မက လောကီသူတော်ကောင်းလမ်းစဉ်ကို ကျင့်ကြံပွားများ အားထုတ် ကြ တဲ့ ဆရာကောင်းဆရာမွန်များဟာ ရသေ့၊ ရဟန်းအသွင်မက၊ လူပုဂ္ဂိုလ်၊ လူသူတော် တွေပါ ထင်ရှားစွာရှိနေဆဲ၊ ဆေးအတတ်၊ ဓါတ်အတတ်၊ နက္ခတ် အတတ်၊ အင်း၊ အိုင်၊ ခလှဲ့၊ လက်ဖွဲ့၊ မန္တာန်ပါမကျန်သူလမ်းစဉ်နှင့်သူ၊ ကျင့်ကြံပွားများအားထုတ်ကြတဲ့ သူအပေါင်းဟာ မရေတွက်နှိုင်အောင်များပြားလှပါတယ်၊ အခြေခံအားဖြင့် ဘုရားဂုဏ်၊ တရားဂုဏ်၊ သံဃာဂုဏ်တော်တွေကို ပူဇော်ရွတ်ဆိုရင်း လောကီလူသားတွေကို အကျိုးပြုမည့် ပညာရပ်တွေ ကျင့်ကြံ ပွားများအားထုတ်ကြခြင်း ဖြစ်ပါတယ်။ ဒါကိုပင် လောကီ ၀ိဇ္ဇာလိုင်းလို့လွယ်လွယ်ကူကူ မှတ်ယူကြပါတယ်။ ယထာဘူတညာဏ်ကို အခြေခံပြီး ၀ိပဿနာတရားအစစ်ကို ကျင့်ကြံအားထုတ်တော်မူကြတဲ့သူအပေါင်းကို လောကုတ္တရာ ၀ိဇ္ဇာလမ်းစဉ်လို့ အမည်သညာ ခေါ်ဆိုကြပါတယ်။ လောကီဝိဇ္ဇာလိုင်းမှရပ်နားပြီး လောကုတ္တရာ ၀ိဇ္ဇာလိုင်းကို ကူးပြောင်းအားထုတ်သူတွေကိုတော့ ဓမ္မ၀ိဇ္ဇာလို့ထပ်ဆင့်ခေါ်ဆိုပြန်တယ်။
အဲဒီလိုကျင့်ကြံအားထုပ်သူတွေထဲမှာ လောကီဝိဇ္ဇာလိုင်းက ပြဒါးသံသေ၊ ဆေး၊ အင်းတွေနဲ့ စုံညီထမြောက် ပေါက်ချင်တိုင်းပေါက်နေတဲ့ ပုဂ္ဂိုလ်ထူးတွေလည်းရှိပါတယ်။ ဆရာ၊ သာသနာ၊ ဝေနေယျ မိမိတို့ဆိုတဲ့ အကျိုးလေးဖြာကို မိမိတို့၏ အာယုကပ်ရှိသည် နှင့်အညီ စွမ်းစွမ်းတမံ ဆောင်ရွက်တော်မူကြပါတယ်။ လူသိမခံတဲ့ ပုဂ္ဂိုလ်တွေရှိသလို လူသိမခံဘဲ လူမသိသူမသိ ပရိသတ်အကပ်မခံဘဲ မိမိပြုလုပ်စရာရှိတဲ့ ကိစ္စ မှန်သမျှကို ပြီးမြောက်အောင်မြင်အောင် ပြုလုပ်တတ်တဲ့ ပုဂ္ဂိုလ်မျိုးတွေလဲရှိခဲ့ဘူးတယ်။ ရှိနေဆဲလဲဖြစ် တယ်။ အဲဒီလို ပုဂ္ဂိုလ်မျိုးတွေထဲမှာ သာမညတောင် ဆရာတော် ဦးဝိနယ ဟာ မြန်မာနိုင်ငံ တွင်မက ၊ ကမ္ဘာ မှာလည်း ထင်ရှားကျော်ကြားတဲ့ မထေရ် တစ်ပါးပါ။ ဆရာတော် ကျောင်းကို ရောက်လာတဲ့ မည်သူမဆို အယုတ် အလတ် အမြတ် မရွေးဧည့်ခံကျွေးမွေးနေ တာကို ရောက်ဖူးသူတိုင်းနှင့် စာဖူးသူတိုင်း ဆရာတော်ကျေးဇူးကို သိကြမှာပါ။ မြန်မာ စကားပုံရှိပါတယ် ။“ တလုပ်စားဖူး သူ့ကျေးဇူး အထူးသိလျှက် အဆပ်ခက်၏” တဲ့ နေ့စဉ်နှင့်အမျှ နယ်လေးရပ်က ရောက်လာတဲ့ ဘုရားဖူးဧည့် ပရိဿတ်အပေါင်းဟာ ဆရာတော် စီမံဧည့်ခံကျွေးမွေးတဲ့ ထမင်းကိုစားပြီး ပုတီးစိတ်ကြ၊ တရားနာကြ၊ ဘုရားဖူးကြ သာမညတောင်ဟာ ကြက်ပျံမကျ စည်ကားတဲ့နေရာ တစ်ခုဆိုတာ ရောက်ဖူးသူတိုင်း ပြန်လည်တသ ပြောကြစမြဲပါ။ ဆရာတော်ကျွေးခဲ့ဘူးတဲ့ ကျေးဇူးတရားတွေဟာ မြန်မာနိုင်ငံအနှံ့ နယ်လေးရပ်မှာရှိကြတဲ့ ပရိဿတ်အပေါင်းတို့ရဲ့အပေါ်မှာ ယနေ့အထိ သြဇာလွမ်းမိုးနေဆဲပါ။ ဆရာတော်ကို ချစ်ခင်ယုံကြည် ၊ ကြည်ညိုလေးစားတဲ့ ခုနှစ်ရက်သားသမီး အပေါင်းတို့၏ စိတ်သဏ္ဍာန်မှာ ဆရာတော် ရုပ်ကြွင်းကို ယခုလို အတင်းအဓမ္မ လုယူဖျက်ဆီးလိုက်တာကို ကြေနပ်နှစ်သက်နေမှာလား.။ ဒါမှမဟုတ် ရာဇတောဝါမို့ ကြောက်ရွံ့နေကြတာလား။ မဟုတ်တာ မမှန်တာတွေ လုပ်နေသမျှကို ခေါင်း
ငုံ့ခံနေရတဲ့ အလေ့အကျင့်တွေများနေလို့လား။ ခန္တီစ.. မနိုင်လို့ သည်းးခံနေတာလား။ တပေါစ.. မရှိလို့ငတ်လို့ ချို့ခြံနေတာလား..ဆိုတဲ့ စကားမျိုးလို ဖြစ်နေပြီ။
လောကီဝိဇ္ဇာလမ်းစဉ်ကို မိမိတို့ ပါရမီအလျှောက် ဖြည့်ကျင့် ဆည်းပူးကျင့်ကြံပွား များအားထုတ်တော့မယ် ဆိုလျှင် အမျိုး၊ ဘာသာ၊ သာသနာ အတွက် ထမ်းရွက်ပါ့မယ်။ ခုနှစ်ရက် သားသမီးအပေါင်းတို့၏ ကောင်းကျိုး မှန်သမျှကို ထမ်းရွက်ပါ့မယ် ဆိုပြီး ဦးစွာမိမိတို့ နှုတ်က ဘုရားကို တိုင်တည်ပြီး သစ္စာဆိုကြပါတယ်။ လူတစ်စု ကောင်းစားအောင်လုပ်ပါ့ မယ်လို့ သစ္စာဆိုတဲ့သူ မရှိပါဘူး။ ဒီနေ့ကာလ ၀ိဇ္ဇာအတတ်ပညာ တစ်ခုခု စွမ်းအင် သိဒ္ဓိ တစ်ခုခု ရရှိလာပြီဆိုလျှင် (သို့မဟုတ်) ထင်ပေါ်ကျော်ကြားလာပြီဆိုလျှင် မင်းစိုးးရာဇာ အာဏာပိုင် အဖွဲ့အစည်းတို့ရဲ့ ကိုးကွယ်ဆည်းကပ်မှု ခံရပြီဆိုလျှင်(သို့) မင်းစိုးရာဇာတို့၏ တံစိုးလက်ဆောင် အမျိုးမျိုးကို ရနေပြီဆိုလျှင် မင်းလိုလိုက် မင်းကြိုက်ခစားကြတဲ့ မင်းမြှောင် ကပ်ပါးလုပ်ပြီး ထိုပုဂ္ဂိုလ်တွေအကြိုက် အခါပေး ခြင်း ယတြာပေးခြင်း အစီအမံပြုလုပ်ပေးခြင်း အာဏာ ရာထူတည်မြဲရေးအတွက် အစွမ်းကုန် ကြိုးပမ်းကြ တော့တာပဲ။ ၄င်းတို့တတ်သော အတတ်ပညာဖြင့် ပြည်သူလူထုကို ညှင်းပမ်း နှိပ်စက်ခြင်းများ ပြုလုပ်ပြီး
မင်းဆရာ လုပ်နေတဲ့ သူတွေလည်းရှိတယ်။ အင်မတန်ပေါများတဲ့ ကာလဖြစ်နေပြီ။ ခုနှစ်ရက်သားသမီးအပေါင်းကို မသိမသာ နှိပ်စက်နေတာ တွေ့လာရတယ်။ စိတ်မချမ်းမြေ့ဖွယ် ပါတကား..။ မူလမိမိတို့ နှုတ်ထွက်သစ္စာတွေ ပျက်နေတဲ့အတွက် တနေ့နေ့ တချိန်ချိန် မှာမိမိတို့ရဲ့ နှုတ်ထွက် ၀စီသစ္စာတွေ ပြန်စူးလိမ့်မယ်ဆိုတာ မမေ့ကြနဲ့လို့ သတိပေးချင်တယ်။ ၀ိဇ္ဇာဓာတ်က နည်းနည်း လူဓာတ်တွေက များများ ဟိတ်နဲ့ဟန်နဲ့ ဓာတ်လုပ်နေတဲ့ လူတွေလည်း မနဲမနောပါလား။ သာသနာတော်ရဲ့မျက်နှာကို ထောက်ပါ ။
ဝေနေယျ ခေါ် ခုနှစ်ရက်သားသမီးအပေါင်းတို့ရဲ့ ဘ၀တွေကိုလည်း စာနာသနားကြပါ။ ၀ိဇ္ဇာလမ်းစဉ်လိုက်တယ်ဆိုပေမယ့် မိမိတို့ရဲ့ မူလစိတ်က မမှန်လျှင် ဒေ၀ဒတ်လို ငရဲကျလိမ့်မယ်။ မကောင်းတဲ့ ဓာတ်ဆိုး ဓာတ်ယုတ် ဓာတ်ပုတ်တွေ ကို မြေလှန်ဖို့ မိမိတို့ရဲ့စိတ်ပုတ် စိတ်ယုတ်တွေကို မိမိတို့၏ စိတ်နှလုံးအိမ် အတွင်းက ညှစ်ထုတ်ဖို့ အချိန်တန်ပြီ။ ၀ိဇ္ဇာညာဏ် အလင်းပေါက်ပြီး တိုင်းသူပြည်သား လူအများ ခုနှစ်ရက် သားသမီးအပေါင်းကိုကယ်တင်နိုင်ကြပါစေ…။


မင်းခေါင်မြေး

အပြည့်အစုံသို့...

“ပြည်သူများအတွက် ၂၀၀၉ ခုနှစ် ဓါတ်ဆင် ဓါတ်ရိုက် ယတြာ”

on Friday, January 2, 2009

ကျွန်ုပ်သည် ၂၀၀၇ ခုနှစ် နိုဝင်္ဘာလ(၉)ရက်နေ့မှစ၍ အဘဆရာကြီး မင်းသိင်္ခ ဤကမ္ဘာမြေမှ ပြန်လည် ထွက်ခွါသွားသည့် ၂၀၀၈ ခုနှစ် သြဂုတ်လ (၁)ရက်နေ့အထိ ကျွန်ုပ်၏ ကတိသစ္စာရှိသည်နှင့်အညီ ဝိဇ္ဇာပညာရပ်တခုကို ထုတ်ဖေါ်အသုံးပြုခွင့်မရှိဘဲ အချိန်ကာလ (၉)လကြာမြင့်စွာ သည်းခံစောင့်ဆိုင်းခဲ့ရ၏။ ထိုစောင့်ဆိုင်းခဲ့ရသောကိစ္စမှာ နအဖ စစ်ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား ကျွန်ုပ်တို့၏ ဝိဇ္ဇာယတြာ ဓါတ်ရိုက် ဓါတ်ဆင်ပညာဖြင့် ဆုံးမမည့်ကိစ္စဖြစ်ပြီး ကျွန်ုပ်တို့ တမျိုးသားလုံး၏ သားစဉ်မြေးဆက်တိုင်အောင် ဒုက္ခပေး လျက်ရှိသော စစ်အာဏာရှင်စနစ် လုံးဝချုပ်ငြိမ်းစေရေးကိစ္စဖြစ်၏။

နအဖ စစ်ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ကျွန်ုပ်တို့ တိုင်းသူပြည်သားများအပေါ်တွင် ရက်စက်ယုတ်မာ၏။ မိုက်ရိုင်းစော်ကား၏။ ဆင်းရဲမွဲတေစေ၏။ နလံမထူနိုင်အောင် နှိပ်စက်၏။ အချိန်နှင့်အမျှ ဝမ်းနည်းပူဆွေးနေကြ ရအောင် လုပ်ထား၏။ မေတ္တာပို့ဆုတောင်းကြသော သံဃာတော်များကိုပင် သေနတ်ဖြင့် ပစ်သတ်၏။ ဓါတ်တိုင် မှာ ကြိုးတုပ်၍ ရိုက်နှက်၏။ ဘာသာ သာသနာကို စစ်ဖိနပ်ဖြင့် နင်းချေ၏။ တိုင်းပြည် ပျက်စီးရာပျက်စီးကြောင်း များ လုပ်၏။ ချောက်တီးချောက်ချက် ညစ်ဥာဏ်လေးဖြင့် ပြည်ထောင်စုဖွား တိုင်းရင်းသားအချင်းချင်း သွေးကွဲ အောင်ခွဲ၍ ရန်တိုက်ပေး၏။ ပြည်သူပြည်သား အချင်းချင်းမသင့်တင့်အောင် ကြံ့ဖွံ့ စွမ်းအားရှင်ဆိုသော အရောင် များဆိုးပေးပြီး အိမ်ကြက်ချင်းအိုးမဲသုတ်၍ ခွပ်ခိုင်းထား၏။ ဒုစရိုက်သမား၊ အရက်သမားလူမိုက်များကို အရက် တိုက် ငွေပေးပြီး ရပ်ရွာမငြိမ်သက်အောင် ဗိန်းဗောင်းတိုက်ပေး၏။ ထိုကဲ့သို့သောလုပ်ရပ်များကြောင့် ပြည်သူတို့အနေဖြင့် တိုင်းပြည်က ထွက်ပြေးနိုင်သူများ ထွက်ပြေးကြရ၏။ ထောင်ထဲနေနိုင်သူများက ထောင်ထဲနေကြရ၏။ ကျန်ပြည်သူများမှာ ကျေးကျွန်သဖွယ်နေကြရ၏။ ထိုသို့သော ပြည်သူတို့၏ ဒုက္ခများကို ကယ်တင်နိုင်ရေးကိစ္စမှာ ကျွန်ုပ်တို့ ဗေဒင်လက္ခဏာ ဂမ္ဘီရဝိဇ္ဇာ ပညာရှင်များ၏ ပခုံးပေါ်၌ သမိုင်းပေးတာဝန်တရပ် အဖြစ် ကျရောက် လျှက်ရှိ၏။

တနေ့သ၌ မှော်ဘီမြို့အစွန် မရမ်းတလင်းတောစပ်ရှိ ကျွန်ုပ်၏ ဆရာသခင်နေထိုင်သော အယူတော် မင်္ဂလာခြံအတွင်းသို့ ပျားရည်ပုလင်းများနှင့် ငါးသုံးလုံးစီးကရက်(၁)တောင့်ကို ယူဆောင်၍ ဆရာသခင်အား ကန်တော့ရန် ရောက်ရှိလျှက်ရှိ၏။ ထိုနေ့သည် ၂၀၀၇ ခုနှစ် နိုဝင်္ဘာလ (၉)ရက်နေ့ဖြစ်၏။ ဆရာသခင်အား ကျွန်ုပ်၏ လာရင်းကိစ္စပြောဆိုနိုင်ရေးအတွက် နံက်(၃)နာရီတွင် အိပ်ယာထရ၏။ တရားထိုင်ပြီးစ ဆရာသခင် အား ကံကောင်းထောက်မစွာဖြင့် တယောက်တည်းထိုင်နေသည်ကို တွေ့ရ၏။ ဆရာသခင်က ကျွန်ုပ်အား မြင်မြင်ချင်း ……… မင်္ဂလာရှိသော အာရုံနံက်ခင်းပါ ဆရာအောင်………..။ ဟု စတင်နှုတ်ခွန်းဆက်၏။ ဆရာသခင်အား ကျွန်ုပ်က ကျိုးနွံစွာကန်တော့၏။ ဆရာတပည့်နှစ်ဦး ဆိတ်နို့ ဂျင်းပြုတ်ရည် တို့ဖြင့် ဖျော်သော လ္ဘက်ရည်ကိုသုံးဆောင်ရင်း စကားစမြည်ပြောဆိုကြ၏။ ကျွန်ုပ်က……။ အဘရယ် သံဃာတော်တွေကို သေနတ်နဲ့ ပစ်သတ်တယ်၊ ပြည်သူတွေကိုလည်း သတ်တယ်၊ ရိုက်တယ် နှက်တယ်။ ဖမ်းဟယ် ဆီးဟယ်နဲ့ ပြည်သူတွေတော့ အနိဌဖလ နဲ့နပမ်းလုံး နေရတယ်ဟု ပြော၏။ အဘက………..ရင်ကော့၍ ဝမ်းခေါင်းသံကြီးကို ပြုပြီး…….. ဒီစစ်ခွေးရူးကြီးသန်းရွှေကို သေချင်းဆိုးနဲ့မသာပေါ်အောင် ငါတို့ ယတြာပညာနဲ့ လုပ်လို့ရတယ် ကွ……ဟု လွှတ်ကနဲပြော၏။ ကျွန်ုပ်က……။ယတြာဆိုတာ ပါဠိလို….ဣစ္ဆိတံ၊ နိစ္ဆိတံ၊ ဖသံယာတိ ပဝတ္တတိဘိ၊ ယတရာ”........ လို့ ဆိုတယ်မဟုတ်လားအဘ ဟုမေး၏။ အဘက....... အေးဟုတ်တယ်ကွ၊ အဓိပ္ပါယ်ကတော့ကွာ လိုအပ်သောအကျိုး မလိုအပ်သော အကျိုးနှစ်ပါးတို့ကို ကောင်းစွာဖြစ်စေတတ် ရောက်စေတတ်သောကြောင့် ထိုလက္ခဏာကို ယတြာဟု ခေါ်လေသည်လို့ ရေဝန်းဆရာတော်ရေးတဲ့ အင်္ဂဝိဇ္ဇာ အလင်းပြ ယတြာ ဓါတ်ရိုက် ဓါတ်ဆင်ကျမ်းမှာ အတိအလင်းရေးထားတာ ရှိတယ်ကွ ဟု ပြော၏။ ဒီလောက် တောင်ကောင်း တဲ့ အဘရဲ့ပညာကို သင်ပေးပါဟု ကျွန်ုပ်က နားပူနားဆာလုပ်၏။ နွားပိန်တွယ်တွယ်၏။ အဘက မျက်လုံးကြီးပြူးပြီးပြောပြန်၏။ ငါ့ရဲ့ပညာက ဝိဇ္ဇာယတြာ ဓါတ်ဆင် ဓါတ်ရိုက်နည်းကွ။ ငါတို့တတိုင်းပြည်လုံးက ပြည်သူတွေ အားလုံးဝိုင်းလုပ်ကြဖို့တော့လိုတယ်ကွ။ သိပ်သေချာတဲ့ နည်းကွ။ နှမအစိမ်းလိုက်ပေးကြေး လောင်းရဲတဲ့နည်းကွ။ စကားအကုန်ပြောမယ်ကွာ........။ ဒီကောင်ကြီး မဂန့်ဘူးဆိုရင်၊ လျှာဖြတ်ခံမယ်ကွာ၊ လက်အဖြတ်ခံမယ်ကွာ၊ အိုကွာ.......... တကိုယ်လုံး အတုံးတုံး အတစ်တစ်........ တစ်လှည့်လို့ အာမခံနိုင်ပါ တယ်ကွာဟု ပြော၏။ ဒါပေမယ့် တခုတော့ရှိတယ်ဟု အဘက တွေးတွေးဆဆ ဆက်ပြော၏။ ငါက ဝိဇ္ဇာလမ်းလိုက်နေပြီကွ။ ဝိဇ္ဇာရဲ့အလုပ်က မကောင်းသူပယ် ကောင်းသူကယ်တဲ့အလုပ်ကို လုပ်တယ်ကွ။ လုပ်ထိုက်နေတဲ့အလုပ်ကို လုပ်ရမှာပေါ့ကွာ။ ကဲကွာ......။ ငါမထွက်ခင်မှာ ဒီဓါတ်ရိုက် ဓါတ်ဆင်နည်းကို အသုံးမပြုပါဘူးလို့ မင်းကတိပေးနိုင်တယ်ဆိုရင် ငါသင်ပေးမယ် ဟုပြော၏။ ထိုသို့ပြောပြီးနောက် ငါ့ရဲ့ထွက်ပွဲ လွန်ရင်တော့ မင်းသဘောဘဲ ဟု ဆိုလိုက်ရာ။ ကျွန်ုပ်က……။ ထွက်ပွဲဆိုတာ ဘာကြီးတုန်းအဘ ဟု မေးမြန်းရ၏။ အဘက ဝိဇ္ဇာဓါတ်ဆိုတာ အရှင်ဓါတ်ကွ၊ အရှင်ထွက် …. ထွက်တယ်လို့ဘဲ သုံးတယ်ကွ၊ လူမိုက်ကလေးရေ အသေအချာမှတ်ထားဟေ့။ ငါသေပြီးမှ ငါ့ရဲ့ပညာကို အသုံးပြုလေ ဟု ပြုံးပြုံးကြီး ပြောလိုက်၏။ ကျွန်ုပ်က လိုက်နာပါမည်ဟု ကတိပြု၏။ အဘတိုက်သော သစ္စာရေကို သောက်၏။ အဘသည် မကြာမီအချိန်က အဓိဌါန်တင်၍ ဂန္ဓာရီထွက်၏။ တောရိပ်တောင်ရိပ်ခိုပြီး ဂမ္ဘီရ ကျင့်စဉ်များ ကျင့်၏။ အဓိဌါန်အောင်မြင် ပြီးမြောက်၏။ ထိုပြီးမြောက်ခဲ့သော ကျင့်စဉ်များထဲမှ ကျင့်စဉ် အမှတ်(၅) ဖြစ်သော မိမိခန္ဓာကိုယ်မှရွှေကြိုးလွှတ်သော ကျင့်စဉ်ကို အသုံးပြု၍ ရုပ်မှ နာမ်ခွါပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အိမ် ဘုရားခန်းရှိ ရွှေကလပ်ဖြင့် တခမ်းတနားထားရှိသော ကောဇာသက္ကရာဇ် ၁၂၉၄ ခုနှစ် တပို့တွဲလ္ဆန်း(၈)ရက် ကြာသပတေးနေ့တွင် မီးရှူးသန့်စင် ဖွားမြင်သော မောင်သန်းရွှေ အသက်(၁၂၀) ရှည်စေသောဝ် ဟုပါရှိသည့် စစ်ဘီလူးကြီး၏ ဇာတာရက်ချုပ်ကို ကူးယူခဲ့၏။ ထိုဇာတာရက်ချုပ်ကို ရှေ့ တွင်ချ၍ ပညာကုန်သုံးပြီး တွက်ချက်၏။ အနှစ်ချုပ် စစ်ထုတ်၏။ ထို့နောက် တတိုင်းပြည်လုံးပြည်သူအားလုံး ဓါတ်ဆင် ဓါတ်ရိုက်ကြရမည့် ဝိဇ္ဇာယတြာ ဓါတ်ဆင် ဓါတ်ရိုက်နည်းကို ကျွန်ုပ်အား တထိုင်တည်း လက်ထပ်သင်ပေး၏။ ထိုနေ့မှစ၍ ကျွန်ုပ်သည် ကတိသစ္စာပြုထားချက်အရ အဘဆရာကြီး မင်းသိင်္ခ၏ ဝိဇ္ဇာယတြာ ဓါတ်ဆင် ဓါတ်ရိုက်နည်းကို အသုံးမပြုပဲနေရ၏။ ထုတ်ဖေါ်ခွင့်မပြုရဲဘဲ ငြိမ်နေရ၏။ နေသေးသပ ဂျိုသွေးတမြမြ လုပ်နေရ၏။ ၂၀၀၈ ခုနှစ် သြဂုတ်လ (၁)ရက်နေ့တွင် ဤကမ္ဘာမြေပေါ်မှ အဘဆရာကြီး မင်းသိင်္ခ ပြန်လည်ထွက်ခွါသွားခဲ့ပြီးဖြစ်၏။ သြဂုတ်လ (၅)ရက်နေ့တွင် အဘ၏ ထွက်ပွဲ ကျင်းပခဲ့၏။ ငါ့ရဲ့ထွက်ပွဲလွန်ရင်တော့ မင်းသဘောပဲဟု ဆရာသခင်က မှာကြားခဲ့ပြီးဖြစ်ရာ……………….။

နအဖ စစ်ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (၇)ရက်အတွင်း အသေဆိုးဖြင့် မသာပေါ်စေမည့် ပြည်သူတွေလုပ်ကြရမည့် ၂၀၀၉ ခုနှစ်အတွက် ဓါတ်ဆင် ဓါတ်ရိုက် ယတြာ”

v နအဖ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ဓါတ်ပုံကို လေးထောင့်သံပုံးထဲ ထည့်၍

v ဓါတ်ပုံပေါ်ရှိ ၎င်း၏မျက်နှာပေါ်သို့ ငရုတ်ဆီ(၂)ပုလင်းလောင်းချပါ၊

v ငရုတ်ဆီလောင်းချထားသော ဓါတ်ပုံ၏အပေါ်မှ ရေခဲတုံးများဖြင့် ဖိထားပြီး

v သံပုံးကိုအဖုံးလုံအောင်ပိတ်ရမည်။

v ထိုသံပုံးကို မိမိတို့ အိမ်သာအတက်အဆင်း အ၀င်အထွက်နေရာတွင်ထား၍

v အိမ်သာတက်တိုင်း ၎င်းသံပုံးကို ဖနောင့်နဲ့ပေါက်ပြီး ဒီသံပုံးထဲက အကုသိုလ် ကောင်ကြီး သွေးစိမ်းအန်ပြီးသေစမ်း…….။ ဓမ္မန္တရာယ်ကောင်ကြီး ခုနစ်ရက်အတွင်း မသာပေါ်စမ်း။ ငါတို့တတိုင်းပြည်လုံး နင့်ကြောင့်ဒုက္ခရောက်လှပြီ……. နင် အဝိစိ ရောက်မှအေးမှာ…..။ နင်သေစမ်း……။ သေချင်းဆိုးနဲ့ အခုသေစမ်း ဟု မှင်မောင်း အပြည့်ဖြင့် မာန်ပါပါ အမိန့်ပြန်ရမည် ဖြစ်ပါသည်။

ဆောင်ပုဒ်။ ။ ကျွန်ုပ်တို့၏ ဗေဒင်လက္ခဏာ ဂမ္ဘီရဝိဇ္ဖာ ပညာ ပယောဂကြောင့် စစ်အာဏာရှင်စနစ်လုံးဝ ချုပ်ငြိမ်းစေရမည်။

အဘဆရာကြီး မင်းသိင်္ခ၏သားတပည့်

ဆရာအောင်

ဗေဒင်လက္ခဏာဂမ္ဘီရဝိဇ္ဇပညာရှင်

မှတ်ချက်။ ။ ဓါတ်ပုံအစား သတင်းစာတွင်ပါသော ဓါတ်ပုံကို ဖြတ်ထုတ်၍ အသုံးပြုနိုင်ပါသည်။ ဤဝိဇ္ဇာယတြာဓါတ်ဆင်ဓါတ်ရိုက်နည်းအား မိတ္တူကူး၍ လက်ဆင့်ကမ်း ဖြန့်ဝေကြရန်။

2009CAC(BURMA) က တာဝန်ယူဖြန့်ချီပါသည်။ အသေးစိတ် သိရှိလိုပါက cacburma@gmail.com သို့ ဆက်သွယ်လိုက်ပါ။

အပြည့်အစုံသို့...