အပါယ်လေးရွာ ခရီးသည်..............(၂)

on Monday, February 16, 2009

လွန်စွာတအံ့တသြဖြစ်၍ဒေါသပြင်းစွာထွက်လေသည်၊ မင်းချင်းရဲမက်များကိုအမြန်ခေါ်ယူ၍ လိုက်လံဖမ်းဆီး စေ၏။ ရဲမက်စစ်သည်တို့ လည်း ထွက်ခွာသွားကြပြီဖြစ်သော ရဟန်းတော်များ၏နောက်သို့ အမှီလိုက်၍ ထိုရဟန်းတုအား ဖမ်းဆီးခေါ်ဆောင်နိုင်ခဲ့သည်။ ထိုရဟန်းတုလည်း အပြစ်ကိုသိသဖြင့် မငြင်းမဆန် မရုန်း ကန်ပဲ လိုက်ပါလာခဲ့သည်။ လူဝတ်လဲစေ၍ မင်းးကြီး၏ ရှေ့ တော်မှောက်သို့ သွင်းကာရိုက်နှက်စစ်ဆေး မေးမြန်းတော့သည်၊ အမှန်အတိုင်းဝန်ခံရလေတော့၏၊ မောင်မင်းစာလွှာကိုချခဲ့တယ်မဟုတ်လား…
မှန်ပါ့ ကျွန်တော်မျိုးကြီးချခဲ့မိကြောင်းပါ။ မောင်မင်းကိုဘယ်သူကခိုင်းစေခဲ့သလဲ။ အမှန်အတိုင်းလျောက်တင်လော့ ဟု မိန့် ၏၊ ထိုအခါ ခတ္တိယမင်းသား၏ ကျွန်ယုံတရားခံလည်း အသက်ဘေးမှ လွတ်လိုလွတ်ငြား မင်းကြီး၏ အကိုးအကွယ်ခံ ကလျာဏီဆရာတော် အရှင်ဓမ္မပါလ မထေရ်အားအကာအကွယ်ယူရန် အကြံအစည်ကို သတိရလေ၏။ မင်းမြတ်… ဤစာကို ကလျာဏီဆရာတော်ကြီးက မိဖုရားရှေ့ တွင်ချထားခဲ့ရန် ခိုင်းစေသဖြင့် ချခဲ့ရကြောင်းပါဟု လိမ်လည် ထွက်ဆို လိုက်ရာတွင် မင်းကြီးလည်း သယ်… ငါကတော့ ရဟန်းအမှတ်နဲ့ ကိုးကွယ်ခဲ့တယ်။ အခုတော့ ညီတော်ရဲ့ တမန်တော်အလုပ်ကို လုပ်ရက်ပါပေတယ်ဟု အမျက်ကြီးစွာ ပြောဆို ၏။ ကျွန်ယုံတရားခံ အကွက်ဆင်လိုက်သည့် ဆင်လုံးက မထေရ်ကြီးသည် မင်းကြီး ၏ငယ်ဆရာမို့ မထေရ်ကြီး ခိုင်း၍လုပ်သည်ဟု ထွက်ဆိုလျှင် မင်းကြီးက လွှတ်ပေးလိမ့်မည်ဟု ထင်ကာ ထိုသို့ ပြောဆိုလိုက်ခြင်းပင် ဖြစ်သည်။ သို့ သော် သူထင်သည့်အတိုင်းဖြစ်မလာခဲ့ပေ။ မင်းကြီးလည်း ဆရာတွေ၊ ဆရက်တွေ နားမလည် တော့… မယား ထိရင်ဓားကြည့်ပေါ့… ငါ့အကြောင်းကောင်းကောင်းသိရမယ်ဆိုပြီး ငါ့ဆရာရဟန်းဟာ မိဖုရား ကြီးကိုယူပြီး ဘုရင်တောင်လုပ်ချင်သေးတယ်ထင်ပါရဲ့… ထွီ… မင်းချင်းရဲမက်များ အမိ့န်နာခံကြ … ယခုပင် အချိန်မဆိုင်းပဲ ငါ၏ဆရာ ဓမ္မပါလမထေရ်ကို ဖမ်းခေါ်ခဲ့ကြ။ "မ" စိတ်မွှန်လျှက်ရှိသောမင်းကြီးသည် ဘာတစ်ခုမျှ စစ်ဆေးမေးမြန်းခြင်းမရှိတော့ဘဲ ဓမ္မပါလမထေရ်မြတ်အား အမိန့်တော်ကြီးဖြင့် ပြစ်ဒါဏ်ချမှတ် တော့သည်။ မလျှော်ကန်သည့်အလုပ်ကို လုပ်သည့် ဆရာတော်ကြီးအား ဆီပူအိုးကင်းပေါ်တင်၍ သတ်စေ အမိန့်တော်......... ထိုအခါ အချို့ သော ပညာရှိမှူးမတ်များက မနေသာတော့ဘဲ အကျိုးအကြောင်းပြ၍ လျှောက်တင်ကန့်ကွက်ကြ၏။အရှင်မင်းကြီး မထေရ်မြတ်ကြီးသည် သီလ သမာဓိ ပညာနှင့် ပြည့်စုံသူဖြစ်ပါ သည်။ ဤသို့သော အမှုမျိုးကို ပြုမည်မဟုတ်ပါ။ သေချာအောင်စီစစ်စုံစမ်းတော်မူပြီးမှ အမိန့်တော်ကို ချမှတ် သင့်ကြောင်းပါဘုရား။ သူတော်ကောင်း ပုဂ္ဂိုလ်ကို ပြစ်မှားမိပါက တိုင်းပြည်ပျက်တတ်ပါတယ်ဘုရားဟု လျှောက်တင်ကြ၏။ မင်းကြီးက အို ဘာမှစီစစ်ဖို့မလိုတော့ဘူး၊ ညီတော်လူမိုက်ဟာ ဆရာတော်နှင့် အလွန် ရင်းနှီးလှတယ်။ သူ့တပည့် ရဟန်းကလဲ ဝန်ခံထားပြီးပြီ။ သူကလဲ ငြင်းချက်မထုတ်ဘူး မဟုတ်လား။ ဒါဟာ သူ့အပြစ်ကို သူသိလို့ဘဲပေါ့။ ကဲ ကြာတယ်ဟေ့ ဆီပူအိုးကင်းထဲ ဆီအပြည့်ထည့်ကြ။ ပွက်ပွက်ဆူတာနဲ့ ဆရာတော်ကိုထည့်ပြီး ကြော်ပစ်လိုက် ကြစမ်း ဟု တချက်လွှတ်အမိန့်တော်ကို ဇွတ်ချမှတ်တော့၏။ မင်းကြီး၏ အမျက်ဒေါသဖြစ်ရခြင်း အကြောင်းတရားကလည်း မိဖုရားနှင့်ပါတ်သက်သော ဒေါသမဟုတ်ပါ လား.........။ ဒီလိုအချိန်မှာ ဘယ်သူဘာပြောပြော နားမဝင်တော့ပေ။ မထေရ်မြတ်ကြီးကတော့ ဘယ်သူ့ကိုမှ အပြစ်မမြင်။ မေတ္တာပွားပြီး ရုပ်နာမ်တရားကိုသာ ဆင်ခြင်၍ အာဏာပါးကွက်သားတို့၏ ခေါ်ဆောင်ရာသို့ အေးဆေးစွာ လိုက်ပါသွား၏။ မီးပြင်းထိုးထားသော ဆီအပြည့်ထည့်ထားသည့် သံဒယ်အိုးကြီးက ကျိုက်ကျိုက်ဆူပွက်လျှက် ရှိ၏။ သန်မာသော ပါးကွက်အာဏာသားကြီးများက မထေရ်မြတ်ကြီးအား တဖက်တချက်ဆီမှ တင်းကြပ်စွာ ဆုပ်ကိုင်၍ တပွက်ပွက်ဆူဝေတက်လျှက် ရှိသော ဆီပူအိုးကင်းထဲသို့ ပစ်ချလိုက် ကြသည်။ ထိုစဉ်အခိုက်မှာ ပင် မထေရ်မြတ်သည် အရဟတ္တဖိုလ်သို့ဆိုက်ရောက်ကာရဟန္တာဖြစ်တော်မူလေသည်။ သံဒယ်အိုးအတွင်းရှိ ပွက်ပွက်ဆူနေသော ဆီပူများက မထေရ်မြတ်၏ မွှေးညှင်းတစ်ပင်ကိုမျှလောင်ကျွမ်းပူလောင်စေခြင်းငှာ မတတ်နိုင်ကြပေ။ မင်းပရိဿတ်တို့ မှာ ဆရာတော်ကြီးဘာမှမဖြစ်သည်ကို မျက်ဝါးထင်ထင် မြင်တွေ့ကြရ သဖြင့် ထိတ်လန့်အံသြကုန်ကြ၏ မထေရ်မြတ်ကဆီပူအိုးကင်းအတွင်းမှာပင် ထက်ဝယ်ဖွဲ့ခွေ၍ ပရိဿတ် တို့အား တရားရေအေးတိုက်ကျွေး၏။ တရားဟောပြီးနောက် မိမိအတိတ်ကံကိုဆင်ခြင်ကြည့်ရာ၌ နွားကျောင်း သားဖြစ်ခဲ့စဉ် ဘဝတစ်ခုက ယင်ငယ်တစ်ကောင်ကို သေစေလိုသောဆန္ဒဖြင့် ကျိုက်ကျိုက်ဆုသော နွားနို့အိုး ထဲပြစ်ချကာ သတ်ဖြတ်ခဲ့ဘူးသည်ကိုသိတော်မူလေ၏။ အထေရ်မြတ်က ဤသို့ဆင်ခြင်၏။ အော်..ငါပြုခဲ့သော မကောင်းမူကံကငါကိုအကျိုးပေးလေပြီ။ ဤဝိပါတ်ကံအကျိုးပေးမှ ငါလွတ်ခွင့်မရှိပေ။ အတိတ်မှပြုခဲ့သော အကုသိုလ် ကံကြောင့်လွတ်လမ်းမရှိသည်ကို ဆင်ခြင်၍ ဆီပူအိုးကင်းထဲမှာပင် ပရိနိဗ္ဗာန်ပြုတော်မူရှာလေ သတည်း။ ဆီပွက်ထဲကမထေရ်မြတ်၏ အလောင်းကိုကြည့်ကာ ကလျှာဏတိဿမင်းသည် လွန်စွာကျေနပ် လျှက်ရှိသည်။ ဟင်း…ဟင်း….ဘာတက်နိုင်သေးလဲကွ ရဟန်းယုတ်တို့သွားရာလမ်းက ဒီလမ်းပဲဟေ့လို့ ကြွေးကြော်လိုက်သည်။ ပြီးတော့ အိမ်ရှေ့မင်း၏ ကျွန်ယုံရဟန်းအတုကိုလဲ သုံးပိုင်းပိုင်းကာ မထေရ်မြတ်၏ အလောင်းနှင့်အတူ သမုဒ္ဒရာထဲ အတွင်းပစ်ချပြီးရေမျှောသင်္ဂြိုဟ်လိုက်လေတော့သည်။ ထိုအခါ မခံမရပ် နိုင်ဖြစ်ကြသူတို့က လေကစောင့်နတ်များနှင့် သမုဒ္ဒရာစောင့်နတ်များပင်ဖြစ်တော့သည်။ ပြင်းစွာအမျက်ဒေါသ ထွက်ကြကုန်သော လောကစောင့်နတ်တို့က ဟယ်… မင်းဆိုးမင်းယုတ် သင်းကိုဖျက်ဆီးချေမူန်းတော့ အံ့ဟု ကြိမ်းဝါး၏။ သမုဒ္ဒရာစောင့်နတ်တို့ကလည်း ဒီလောက်တောင်မိုက်ရိုင်းတဲ့ မင်းညစ်မင်းသရမ်းကို အပိုင်းပိုင်း ဖြတ်ကာ သုတ်သင်ကြမယ်ဟု ဒေါသအမျက်ချောင်းချောင်း ထွက်ကြ၏။ သမုဒ္ဒရာရေပြင်ထက်မှ လှိုင်းလုံးကြီး များသည် ကြောက်စရာလန့်စရာ ထကြွရုန်းကန်လာကြပြီးလျှင် မြေအပြင်ကို ရေလွှမ်းတော့၏။ အရှိန်ဟုန်ပြင်း ထန်စွာရိုက်ခတ်လာကြသောပင်လယ်လှိုင်းလုံးများက မြို့ရွာများကို ဖျက်ဆီးဝါးမျိုကာရေထဲသို့ဆွဲချသွားကြ၏။ မင်းနှင့်မိဖုရားတို့၏ခန္ဓာကိုယ်၌ ကုရာနတ္ထိဆေးမရှိသော ရောဂါကြီးများ စွဲကပ်စေ၏။ အပါယ်ငရဲသို့လားစေ သော ပျက်စီးခြင်းဖြင့် သေကြေပျက်စီးစေ၏။ ကမ္ဘာသက်တမ်း ငါးရာကာလတိုင် ပွက်ပွက်ဆူသော ဆီပူအိုး ကင်းအတွင်း ပြစ်ချခြင်းခံရသည့်ငရဲသို့ ကျရောက်စေ၏။
ဤဇာတ်တော်ကြီးကို လွန်ခဲ့သော သုံးနှစ်ခန့်က စီကာပတ်ကုံးဟောပြောခဲ့သူမှာ အသက် ခုနှစ်လသား အရွယ်ကလေးငယ်တစ်ဦးဖြစ်သည်။ ထိုကလေးငယ်ကို အဘ ကိုမင်းနိုင် အမိမနုတို့က ပုပ္ပားတောင်ရဲ့ အရှေ့ မြောက်ဖက် တောင်စောင်းတွင်ရှိသော မကျီးစုရွာတွင်မွေးဖွားခဲ့၏။ ကလေး၏အမည်ကို မကျီးစုဆရာတော်က မောင်သန့်ဟုခေါ်စေသည်။ ထိုမောင်သန့်ကလေး ခုနှစ်လအရွယ်အရောက်တွင် လူကြီးတစ်ဦးကဲ့သို့ ပီသပြတ် သားသော အသံဖြင့် ကလျာဏတိသမင်း၏ ဇာတ်တော်နှင့်စပ်လျဉ်းသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အပယ် လေးရွာသို့လားစေမည့် အဖြစ်အပျက်များကို ပရိသတ် အပေါင်းနှင့် ရွာသူရွာသားများ အားထူးဆန်းစွာဟော ပြောခဲ့လေသည်။
သာသနာ့ထိပ်ခေါင် ဓါတ်ပေါင်း ဝိဇ္ဇာအဘအောင်မင်းခေါင် နာမ်ဓါတ်ကိန်း၍ဟောပြောခြင်းဖြစ်သည်။ အလွန်ထူးခြားသည်မှာ…
(က) အသက်ခုနှစ်လသားကလေးငယ်တစ်ဦးက စကားပြောတတ်နေခြင်း
(ခ) ငယ်သာငယ် ကယ်ဆယ်မည့်ဘုရား တည်ထား၍ ဘုရားထီးတင်ပွဲလာရောက်ကြသော ပရိသတ်အပေါင်း အား ရဲဝံ့စွာ ဟောကြားခဲ့ခြင်း
(ဂ) ၄င်းပွဲတွင် ဟောပြောခဲ့သောဟောပြောချက်များသည် တဆင့်ပြီး တဆင့် သွေးထွက်အောင် မှန်ကန်လျှက် ရှိခြင်းတို့ဖြစ်သည်။
သာသနာ့ထိပ်ခေါင် ဓါတ်ပေါင်းဝိဇ္ဇာ အဘအောင်မင်းခေါင်နာမ်ဓါတ်ကိန်းလျှက်ရှိသော ပုပ္ပားနယ် မကျီးစု ရွာသား မောင်သန့်ကလေး၏ဟောကြားချက်များ
(၁) ၁၃၅၃ ခုနှစ် ထဲတွင်စိတ်ထားနှင့် ရုပ်အင်္ဂါညံ့ဖျင်းသောလက်နက်ကိုင်တစ်ဦးက ပြည်သူတို့အပေါ် ဗိုလ်ကျ မင်းမူလိမ့်မည်။
(၂) ဇာတ်တော်ထဲက ကလျာဏတိသမင်းနှင့် ခတ္တိယမင်းတို့ကဲ့သို့ ထိုသူကမင်းအလိုလိုက် မင်းအကြိုက် ဆောင်သည့် နိုင်ငံတော်သံဃာ့ နာယက ဆိုသော သံဃာ့အတုအယောင် အဖွဲ့စည်းကို လက်သပ်မွေး၍ ဗုဒ္ဓ သာသနာတော်ကြီးကို ဖျက်ဆီးပြစ်ရန် အလို့ငှာ သမုတိသံဃာတော်အရှင်သူမြတ်တို့အား ၁၃၆၈ ခုနှစ် တွင် ရိုက်နှက်ဖမ်းဆီး သတ်ဖြတ်လိမ့်မည်၊
(၃) လကာင်္ဒီပတိုင်းရှိ မြို့ရွာများကို ပင်လယ်သမုဒ္ဒရာ လှိုင်းလုံးကြီးများက ဖျက်ဆီးဝါးမျိုးကာ ရေထဲ့သို့ဆွဲချ သွားသကဲ့သို့ မြန်မာနှိင်ငံအတွင်းရှိ မြို့ရွာများကိုလည်း ၁၃၆၉ ခုနှစ် တွင် ပင်လယ်သမုဒ္ဒရာ လှိုင်းလုံးကြီးများ ၏ ဖျက်ဆီးဝါးမျိုချင်းခံရပြီး ပင်လယ်သမုဒ္ဒရာအတွင်းသို့ ဆွဲချခြင်းခံရလိမ့်မည်။
(၄) မင်းဆိုးမင်းညစ် ထိုသူ၏မယားဖြစ်သူတို့၌ ကုသ၍လုံးဝမပျောက်ကင်းနိုင်သည့် ရောဂါဝေဒနာဆိုးကြီးများ စွဲကပ်လာမည်။ ၁၃၇၀ ခုနှစ် ၌ ထိုသူ၏မယားသည် ငါးပိုင်းရောင်လေဖြန်းသောရာဂါကြောင့် အိပ်ရာထဲမှ မထနိုင်ပဲ ကုတင်ပေါ်တွင်လူသေကောင်သကဲ့သို့ ပက်လက်နေရမည်။ ၁၃၇၁ခုနှစ်တွင် ထိုသူသည် ဦးနှောက် သွေးကြောပြတ်သွားသောကြောင့် စကားမပြောနိုင်တော့ပဲ လူသေကောင်ကဲ့သို့ အိပ်ယာထဲတွင် အသက်ငင် နေမည်။ ၁၃၇၁ ခုနှစ် ထိုလင်မယားနှစ်ဦးစလုံးခုနှစ်ရက်ခြား၍ ရှေ့ဆင့်နောက်ဆင့် သေကြေပျက်စီးကာ မိုက်ဇာတ်သိမ်းလိမ့်မည်။
စာရေးသူသည် အရညဝါသီ တောရပ်မှီ၍ တရားအားထုတ်ရန်အတွက် ပုပ္ပားတောင်တော်မြတ်၏ အရှေ့ မြောက်ဖက် အရပ်တွင်ရှိသော မကျီးစုရွာကလေးသို့ ရောက်ရှိခဲ့စဉ်က တွေ့ကြုံသိရှိရသည်များကို တင်ပြ ထားခြင်း ဖြစ်ပါသည်။ အသေးစိတ် သိရှိလိုပါကလည်းကောင်း၊ သာသနာပြုထိပ်ခေါင် ဓာတ်ပေါင်းဝိဇ္ဇာ အဘအောင်မင်းခေါင်၏ နာမ်ဓာတ်ကိန်းလျှက်ရှိသော မောင်သန့် ကလေးထံသို့ သွားရောက်တွေ့ဆုံလိုပါက လည်းကောင်း ပုပ္ပားတောင်ခြေဈေးတန်းသို့ ရောက်အောင်လာခဲ့ပါ။ ပုပ္ပားမှတဆင့် မကျီးစုရွာသို့လှည်းငှား၍ တစ်နေ့ခရီးဆက်ရမည်ဖြစ်သည်။ မကျီးစုရွာရောက်လျှင် အစစအရာရာ အဘကအားလုံးတာဝန်ယူပါသည်။

အောင်သိုက်ဝင်(အရညဝါသီ)

အပြည့်အစုံသို့...

အပါယ်လေးရွာခရီးသည်.......(၁)

on Sunday, February 15, 2009

တချိန်က ကလျာဏတိဿမင်းသည် လင်္ကာဒီပတိုင်း ကလျာဏီမြို့၌ ထီးနန်းစိုက်မင်းပြုစိုးစံလျှက်ရှိုသည်။ ညီတော် ခတ္တိယ မင်းသားကို အိမ်ရှေ့မင်းအရာဖြင့် စံစားစေသည်။ ငယ်စဉ်က ကလျာဏီ ဆရာတော် ဓမ္မပါလမထေရ်၏ထံပါးတွင် ၄င်းတို့ညီနောင် မင်းသားငယ်နှစ်ပါးစလုံး အတူတကွ ပညာသင်ကြားခဲ့သည်။ ကလျာဏတိဿမင်းသား နန်းတက်သောအခါ၌ အရှင်ဓမ္မပါလ မထေရ်သည်လည်း မင်းကိုးကွယ်ခြင်းခံရသော မင်းဆရာတော်ဖြစ်ခဲ့ရလေသည်။


နောင်တော်မင်းကြီး ကလျာဏတိဿက ညီတော်အိမ်ရှေ့မင်း ခတ္တိယကို ချစ်ခင်နှစ်သက်သကဲ့သို့ ကလျာဏ တိဿမင်းကြီး၏ မိဖုရားခေါင်ကြီး မယ်မယ်ဖုရားကလည်း ခတ္တိယမင်းသားအပေါ်တွင် မောင်ငယ်တစ်ဦး ကဲ့သို့ပင် စေတနာပို၍ အလိုရှိရာသို့ လိုက်ခဲ့သည်။ သဒ္ဓါလွန်တော့ တဏှာကျွံသည်ဟု ဆိုချင်ဆိုပါစေတော့။ ခတ္တိယမင်းသားနှင့် နောင်တော်မင်းကြီး၏မိဖုရားတို့သည် တစ်ဦးနှင့်တစ်ဦး ကြည်နူးချစ်ခင် မေတ္တာဝင်သော အခြေအနေသို့ ဆိုက်ရောက်ကြသောအခါ။
ထိုသို့သော ကြာကူလီဇာတ်လမ်းကို ကလျာဏတိဿမင်းကြီး သိရှိသွားလေပြီး၊ "သယ်… မိုက်လှသည့်ညီတော် သင်းကို အရှင်မထားဘူး ဟေ့…. ညီတော်ခတ္တိယကို ယခုပင်ဖမ်းကြစမ်း မိလျှင်ငါ့ထံ ခေါ်မလာနဲ့ ဖမ်းမိသည့်နေရာ၌တွင်သတ်စေ … ငါ့မိဖုရားကိုတော့ လက်ဖျားနှင့်မျှ မတို့စေနဲ့ ငါမင်းကြီးအမိန့် " ဆိုပြီး ဥပဒေကဲ့သို့ အာဏာတည်ရမည့် တချက်လွှတ်အမိန့်ထုတ်လိုက်ပါတယ်။
မယားလူလု အူနုကျွဲခတ်သည့်ကိန်းနဲ့ မျက်ဖြူဆိုက်ရပြီပေါ့။ မင်းကြီးဆိုတဲ့ပါဝါနဲ့ ဒီအချိန်မှာ ညီအကိုသော ဘာသောညှာမနေနိုင်ပေါင်…. မင်းကြီးရဲ့ရဲမက်များကလည်း မင်းကြီးရဲ့အမိန့်ဆိုတာနဲ့ ညီတော်အိမ်ရှေ့မင်းသား ကို ဝိုင်းဖမ်းကြတော့…. လူဆိုတာကိုယ့်အသက်ကို ကိုယ်အချစ်ဆုံးဆိုတဲ့ အတ္တဝါဒအရ အိမ်ရှေ့မင်းသား လည်း ကိုယ့်ကိုကိုယ် ခုခံကာကွယ်ပြီး ကိုယ်လွတ်ရုန်းပြေးရတာပေါ့။
နေပြည်တော်နှင့် အလှမ်းကွာဝေးတဲ့ တောနယ်ဇနပုဒ်တစ်ခုမှာ မထင်မရှား ဇာတ်မြှုပ်လို့ ပုန်းခိုနေရင်းနဲ့ အချစ် ဇောတွေကြွ… အပူလုံးတွေထ… နေတယ်လို့ပဲဆိုကြပါစို့၊ အို… မရီးတော်ရယ် တစ်နေ့တစ်ရက်မှ မေ့လို့ရနိုင် ရိုးလားကွယ်… မရီးတော်ရဲ့မျက်နာတော်ကိုသာမြင်ယောင်ပြီး တမြည့်မြည့်နဲ့ တဆွေးထဲဆွေးနေရတယ်။ ဒ်ီမောင်ရဲ့အသည်းမှာစူးဝင်စိုက်နေတဲ့ အချစ်မြှားကို ဘယ်သူလာနှုတ်မလဲ။ အခုမှခက်ကြီးခက်ရပြီးပေါ့… နေပြည်တော်ကိုလဲခြေမချရဲ။ ရင်ထဲကဖွဲမီးကလဲ ကြိမ်မီးအုံးလို တဖြည်းဖြည်းလောင် … ဒီတော့လည်း အလွမ်းနာ နှလုံးနာကိုကုစားဖို့အတွက် ဥာဏ်နီဥာဏ်နက်တွေထုတ်ပြီး ကြံစည်ရတော့တာပေါ့။ ဒါနဲ့ပဲ ရင်ထဲက ချစ်ဝေဒနာများ သက်သာလိုသက်သာငြား မရီးတော်ကိုတိုင်တည်ပြီး ချစ်သဝဏ်လွှာတစောင်ကို ရေးသားမိတယ်ဆိုပါတော့ …. ဒီချစ်သဝဏ်လွှာကို မရီးတော်လက်ထဲရောက်အောင် ဘယ်လိုဆက်သရမလဲ။ ဒီကိစ္စက လွယ်ကူသည့်ကိစ္စတော့မဟုတ်ချေ။ တစ်စုံတစ်ရာလွဲချော် ပေါက်ကြားသွားပါက အသက်ကိုစတေးရ မည့်ကိစ္စ……ဒါကြောင့် ဒီစာလွှာမရီးတော်လက်ထဲရောက်ရေးကိုတော့ အသေအခြာ ကြံစည်အကွက်ချနိုင်မှ တော်ယုံ ကျလိမ့်မည်။ အကြံကတော့ဖြင့် ခေါင်းထဲဝင်လာပြီ။ သင့်လျှော်သည်၊ မသင့်လျှော်သည်၊ လုပ် ကောင်းသည်၊ မလုပ်ကောင်းသည်ကို ချင့်ချိန်မနေနိုင်တော့။ မိမိရဲ့ ကျွန်ယုံတစ်ဦးကိုရှာ… ခေါင်းတုံးရိတ် သင်္ကန်းဝတ်ပေးပြီး ဒီစာလွှာကို ပို့ခိုင်းရမယ်။ အစီစဉ်အတိုင်းပဲ ကျွန်ယုံတစ်ဦးကိုခိုင်းရတာပေါ့ … မောင်မင်း ဤစာလွှာကို ငါ့မရီးတော်လက်ထဲ ရောက်အောင်ပို့ပေတော့။ ပထမဦးစွာ ငါတို့၏ငယ်ဆရာတော် အရှင် ဓမ္မပါလကျောင်းကိုသွား… ခရီးသွားအာဂန္တုရဟန်းအသွင်နှင့် သွားရောက်ရမယ်။ ဒါနဲ့ခတ္တိယမင်းသားရဲ့ ကျွန်ယုံ ရဟန်းအတုသည် နေပြည်တော်သို့ပြန်လာကာ ကလျှာဏီဆရာတော်ကြီးထံ အာဂန္တုခရီးသွားအဖြစ် တည်းခိုခွင့်တောင်းပြီး အကွက်ကောင်းကို ချောင်းမြောင်းရင်း တည်းခိုနေထိုင်လျှက်ရှိသည်။ ဆရာတော် ကြီးကတော့ အဖြစ်မှန်ကိုမသိရှာ စိတ်ထားကရှင်းလင်း စိတ်ရင်းကမှန်ကန်သည့် ပုဂ္ဂိုလ်ကြီးဖြစ်၍ အလွယ် တကူပင် တည်းခိုနေထိုင်ခွင့်ပြုထား၏။
တစ်နေ့တော့ မင်းကြီး၏ပင့်ဖိတ်ချက်အရ ကလျာဏီဆရာတော် ဓမ္မပါလမထေရ်နှင့်တကွသော သံဃာတော် များအားလုံး နန်းတော်သို့ဆွမ်းစားကြွရ၏၊ အိမ်ရှေ့မင်း၏ ကျွန်ယုံရဟန်းအတုသည်လည်း သံဃာတော်များနှင့် အတူရောနှောကာ ရွှေနန်းတော်ကြီးသို့လိုက်ပါခွင့်ရခဲ့ပြီပေါ့… မင်းနှင့်မိဖုရားတို့က ပင့်သံဃာတော် အပေါင်း တို့အား ဆွမ်းဆက်ကပ်ကြ၏။ အင်း….. ငါထမ်းဆောင်ရမည့် တာဝန်တစ်ရပ်ဖြစ်တဲ့ ဒီစာလွှာကို ဘယ်လိုပေး ရပါ့မလဲ။ ကျွန်ယုံရဟန်းတုသည် တောင်မြောက်ဝဲယာသို့ သတိထားနေ၏။ နံဘေးပတ်ဝန်းကျင်၌ သံဃာ တော်များ၏ ဝေယျာဝစ္စ ဆောင်ရွက်ပေးနေသူများအဖြစ် မလစ်လပ်သောကြောင့် အခက်တွေ့နေရသည်။ ဆွမ်းကပ်ပွဲကပြီးစီးခဲ့လေပြီး။ ကျွန်ယုံရဟန်းတုက ဆွမ်းပွဲမှမထသေးပဲ အခြေအနေပေးလာမည့် အခွင့်အရေး ကို မျော်လင့်တကြီးစောင့်စားနေ၏။ ထိုအခိုက်တွင် မိဖုရားကြီးသည် ပန်းကန်ခွက်ယောက်များ သိမ်းဆည်း ရင်း ရဟန်းတု၏အနားသို့ရောက်လာရာ …..ဟုတ်ပြီ၊ အိမ်ရှေ့ မင်းပေးခိုင်းတဲ့ စာလွှာကို အသာအယာချပေး လိုက်မယ်ဟု ဆုံးဖြတ်၍ မိဖုရားကြီး မြင်သာအောင် နံဘေးအနီး၌အသာချထားပြီး ရဟန်းအတုလည်း ထိုင်ရာမှထသွား၏။ သို့သော်မိဖုရားကြီးကမမြင်ပါချေ၊ ထိုအဖြစ်အပျက်ကို လှမ်းမြင်လိုက်သူက ကလျာဏ တိဿမင်းကြီးပင် ဖြစ်တော့၏။ အလို …ဟိုရဟန်းတော်တစ်ပါး ဘာကျသွားပါလိမ့်ဟု အောက်မေ့ပြီး စာလွှာကိုကောက်ယူ၍ မင်းကြီးလည်းအတွင်းတော်သို့ ၀င်သွား၏။ ထိုအချိန်တွင် "သံဃာတော်များက ကျောင်းသင်္ဃန်း အသီးသီးသို့ ပြန်လည်ကြွသွားလေပြီ။ အတွင်းတော်၌ မင်းကြီးသည် ရဟန်းတု၏စာလွှာကို ဖတ်ရှု့ ကြည့်၏။

အောင်သိုက်ဝင်(အရညဝါသီ)

အပြည့်အစုံသို့...