အပါယ်လေးရွာခရီးသည်.......(၁)

on Sunday, February 15, 2009

တချိန်က ကလျာဏတိဿမင်းသည် လင်္ကာဒီပတိုင်း ကလျာဏီမြို့၌ ထီးနန်းစိုက်မင်းပြုစိုးစံလျှက်ရှိုသည်။ ညီတော် ခတ္တိယ မင်းသားကို အိမ်ရှေ့မင်းအရာဖြင့် စံစားစေသည်။ ငယ်စဉ်က ကလျာဏီ ဆရာတော် ဓမ္မပါလမထေရ်၏ထံပါးတွင် ၄င်းတို့ညီနောင် မင်းသားငယ်နှစ်ပါးစလုံး အတူတကွ ပညာသင်ကြားခဲ့သည်။ ကလျာဏတိဿမင်းသား နန်းတက်သောအခါ၌ အရှင်ဓမ္မပါလ မထေရ်သည်လည်း မင်းကိုးကွယ်ခြင်းခံရသော မင်းဆရာတော်ဖြစ်ခဲ့ရလေသည်။


နောင်တော်မင်းကြီး ကလျာဏတိဿက ညီတော်အိမ်ရှေ့မင်း ခတ္တိယကို ချစ်ခင်နှစ်သက်သကဲ့သို့ ကလျာဏ တိဿမင်းကြီး၏ မိဖုရားခေါင်ကြီး မယ်မယ်ဖုရားကလည်း ခတ္တိယမင်းသားအပေါ်တွင် မောင်ငယ်တစ်ဦး ကဲ့သို့ပင် စေတနာပို၍ အလိုရှိရာသို့ လိုက်ခဲ့သည်။ သဒ္ဓါလွန်တော့ တဏှာကျွံသည်ဟု ဆိုချင်ဆိုပါစေတော့။ ခတ္တိယမင်းသားနှင့် နောင်တော်မင်းကြီး၏မိဖုရားတို့သည် တစ်ဦးနှင့်တစ်ဦး ကြည်နူးချစ်ခင် မေတ္တာဝင်သော အခြေအနေသို့ ဆိုက်ရောက်ကြသောအခါ။
ထိုသို့သော ကြာကူလီဇာတ်လမ်းကို ကလျာဏတိဿမင်းကြီး သိရှိသွားလေပြီး၊ "သယ်… မိုက်လှသည့်ညီတော် သင်းကို အရှင်မထားဘူး ဟေ့…. ညီတော်ခတ္တိယကို ယခုပင်ဖမ်းကြစမ်း မိလျှင်ငါ့ထံ ခေါ်မလာနဲ့ ဖမ်းမိသည့်နေရာ၌တွင်သတ်စေ … ငါ့မိဖုရားကိုတော့ လက်ဖျားနှင့်မျှ မတို့စေနဲ့ ငါမင်းကြီးအမိန့် " ဆိုပြီး ဥပဒေကဲ့သို့ အာဏာတည်ရမည့် တချက်လွှတ်အမိန့်ထုတ်လိုက်ပါတယ်။
မယားလူလု အူနုကျွဲခတ်သည့်ကိန်းနဲ့ မျက်ဖြူဆိုက်ရပြီပေါ့။ မင်းကြီးဆိုတဲ့ပါဝါနဲ့ ဒီအချိန်မှာ ညီအကိုသော ဘာသောညှာမနေနိုင်ပေါင်…. မင်းကြီးရဲ့ရဲမက်များကလည်း မင်းကြီးရဲ့အမိန့်ဆိုတာနဲ့ ညီတော်အိမ်ရှေ့မင်းသား ကို ဝိုင်းဖမ်းကြတော့…. လူဆိုတာကိုယ့်အသက်ကို ကိုယ်အချစ်ဆုံးဆိုတဲ့ အတ္တဝါဒအရ အိမ်ရှေ့မင်းသား လည်း ကိုယ့်ကိုကိုယ် ခုခံကာကွယ်ပြီး ကိုယ်လွတ်ရုန်းပြေးရတာပေါ့။
နေပြည်တော်နှင့် အလှမ်းကွာဝေးတဲ့ တောနယ်ဇနပုဒ်တစ်ခုမှာ မထင်မရှား ဇာတ်မြှုပ်လို့ ပုန်းခိုနေရင်းနဲ့ အချစ် ဇောတွေကြွ… အပူလုံးတွေထ… နေတယ်လို့ပဲဆိုကြပါစို့၊ အို… မရီးတော်ရယ် တစ်နေ့တစ်ရက်မှ မေ့လို့ရနိုင် ရိုးလားကွယ်… မရီးတော်ရဲ့မျက်နာတော်ကိုသာမြင်ယောင်ပြီး တမြည့်မြည့်နဲ့ တဆွေးထဲဆွေးနေရတယ်။ ဒ်ီမောင်ရဲ့အသည်းမှာစူးဝင်စိုက်နေတဲ့ အချစ်မြှားကို ဘယ်သူလာနှုတ်မလဲ။ အခုမှခက်ကြီးခက်ရပြီးပေါ့… နေပြည်တော်ကိုလဲခြေမချရဲ။ ရင်ထဲကဖွဲမီးကလဲ ကြိမ်မီးအုံးလို တဖြည်းဖြည်းလောင် … ဒီတော့လည်း အလွမ်းနာ နှလုံးနာကိုကုစားဖို့အတွက် ဥာဏ်နီဥာဏ်နက်တွေထုတ်ပြီး ကြံစည်ရတော့တာပေါ့။ ဒါနဲ့ပဲ ရင်ထဲက ချစ်ဝေဒနာများ သက်သာလိုသက်သာငြား မရီးတော်ကိုတိုင်တည်ပြီး ချစ်သဝဏ်လွှာတစောင်ကို ရေးသားမိတယ်ဆိုပါတော့ …. ဒီချစ်သဝဏ်လွှာကို မရီးတော်လက်ထဲရောက်အောင် ဘယ်လိုဆက်သရမလဲ။ ဒီကိစ္စက လွယ်ကူသည့်ကိစ္စတော့မဟုတ်ချေ။ တစ်စုံတစ်ရာလွဲချော် ပေါက်ကြားသွားပါက အသက်ကိုစတေးရ မည့်ကိစ္စ……ဒါကြောင့် ဒီစာလွှာမရီးတော်လက်ထဲရောက်ရေးကိုတော့ အသေအခြာ ကြံစည်အကွက်ချနိုင်မှ တော်ယုံ ကျလိမ့်မည်။ အကြံကတော့ဖြင့် ခေါင်းထဲဝင်လာပြီ။ သင့်လျှော်သည်၊ မသင့်လျှော်သည်၊ လုပ် ကောင်းသည်၊ မလုပ်ကောင်းသည်ကို ချင့်ချိန်မနေနိုင်တော့။ မိမိရဲ့ ကျွန်ယုံတစ်ဦးကိုရှာ… ခေါင်းတုံးရိတ် သင်္ကန်းဝတ်ပေးပြီး ဒီစာလွှာကို ပို့ခိုင်းရမယ်။ အစီစဉ်အတိုင်းပဲ ကျွန်ယုံတစ်ဦးကိုခိုင်းရတာပေါ့ … မောင်မင်း ဤစာလွှာကို ငါ့မရီးတော်လက်ထဲ ရောက်အောင်ပို့ပေတော့။ ပထမဦးစွာ ငါတို့၏ငယ်ဆရာတော် အရှင် ဓမ္မပါလကျောင်းကိုသွား… ခရီးသွားအာဂန္တုရဟန်းအသွင်နှင့် သွားရောက်ရမယ်။ ဒါနဲ့ခတ္တိယမင်းသားရဲ့ ကျွန်ယုံ ရဟန်းအတုသည် နေပြည်တော်သို့ပြန်လာကာ ကလျှာဏီဆရာတော်ကြီးထံ အာဂန္တုခရီးသွားအဖြစ် တည်းခိုခွင့်တောင်းပြီး အကွက်ကောင်းကို ချောင်းမြောင်းရင်း တည်းခိုနေထိုင်လျှက်ရှိသည်။ ဆရာတော် ကြီးကတော့ အဖြစ်မှန်ကိုမသိရှာ စိတ်ထားကရှင်းလင်း စိတ်ရင်းကမှန်ကန်သည့် ပုဂ္ဂိုလ်ကြီးဖြစ်၍ အလွယ် တကူပင် တည်းခိုနေထိုင်ခွင့်ပြုထား၏။
တစ်နေ့တော့ မင်းကြီး၏ပင့်ဖိတ်ချက်အရ ကလျာဏီဆရာတော် ဓမ္မပါလမထေရ်နှင့်တကွသော သံဃာတော် များအားလုံး နန်းတော်သို့ဆွမ်းစားကြွရ၏၊ အိမ်ရှေ့မင်း၏ ကျွန်ယုံရဟန်းအတုသည်လည်း သံဃာတော်များနှင့် အတူရောနှောကာ ရွှေနန်းတော်ကြီးသို့လိုက်ပါခွင့်ရခဲ့ပြီပေါ့… မင်းနှင့်မိဖုရားတို့က ပင့်သံဃာတော် အပေါင်း တို့အား ဆွမ်းဆက်ကပ်ကြ၏။ အင်း….. ငါထမ်းဆောင်ရမည့် တာဝန်တစ်ရပ်ဖြစ်တဲ့ ဒီစာလွှာကို ဘယ်လိုပေး ရပါ့မလဲ။ ကျွန်ယုံရဟန်းတုသည် တောင်မြောက်ဝဲယာသို့ သတိထားနေ၏။ နံဘေးပတ်ဝန်းကျင်၌ သံဃာ တော်များ၏ ဝေယျာဝစ္စ ဆောင်ရွက်ပေးနေသူများအဖြစ် မလစ်လပ်သောကြောင့် အခက်တွေ့နေရသည်။ ဆွမ်းကပ်ပွဲကပြီးစီးခဲ့လေပြီး။ ကျွန်ယုံရဟန်းတုက ဆွမ်းပွဲမှမထသေးပဲ အခြေအနေပေးလာမည့် အခွင့်အရေး ကို မျော်လင့်တကြီးစောင့်စားနေ၏။ ထိုအခိုက်တွင် မိဖုရားကြီးသည် ပန်းကန်ခွက်ယောက်များ သိမ်းဆည်း ရင်း ရဟန်းတု၏အနားသို့ရောက်လာရာ …..ဟုတ်ပြီ၊ အိမ်ရှေ့ မင်းပေးခိုင်းတဲ့ စာလွှာကို အသာအယာချပေး လိုက်မယ်ဟု ဆုံးဖြတ်၍ မိဖုရားကြီး မြင်သာအောင် နံဘေးအနီး၌အသာချထားပြီး ရဟန်းအတုလည်း ထိုင်ရာမှထသွား၏။ သို့သော်မိဖုရားကြီးကမမြင်ပါချေ၊ ထိုအဖြစ်အပျက်ကို လှမ်းမြင်လိုက်သူက ကလျာဏ တိဿမင်းကြီးပင် ဖြစ်တော့၏။ အလို …ဟိုရဟန်းတော်တစ်ပါး ဘာကျသွားပါလိမ့်ဟု အောက်မေ့ပြီး စာလွှာကိုကောက်ယူ၍ မင်းကြီးလည်းအတွင်းတော်သို့ ၀င်သွား၏။ ထိုအချိန်တွင် "သံဃာတော်များက ကျောင်းသင်္ဃန်း အသီးသီးသို့ ပြန်လည်ကြွသွားလေပြီ။ အတွင်းတော်၌ မင်းကြီးသည် ရဟန်းတု၏စာလွှာကို ဖတ်ရှု့ ကြည့်၏။

အောင်သိုက်ဝင်(အရညဝါသီ)

0 comments:

Post a Comment