“အောင်ဆန်းလွှတ်တော် မင်းလောင်းပေါ်”

on Monday, January 12, 2009

သာသနာတဝက်ခရီးမှာလ၊ ကနက်ထီးတွေနဲ့ ပျက်စီးဘို့အရေးကြုံ၊ ရွှေပေးမယ် မယ်မယုံ၊ငွေပေးမယ် မယ်မယုံ၊ နယ်အကုန်ပျက်မည့်အရေး၊ အသိဉာဏ်နှင့်တွေး။ ဘုရားတွေ ရင်မောက်ရင်ဖြင့်၊ တံတားတွေတွင်တွင်ဆောက်ပါလို့၊ အခြားပြည်ဝင်ကာနှောက်ရင်ဖြင့်၊

ပြည်တော်ပြန်စုငယ်ထွေးကို နန်းအပ်မှအေး။

တံခူးကုန် ကဆုန်ဆန်းပြန်တော့၊ ပျိုနုဖြန်းရယ်ကဟန်တော့မယ်၊ အသွယ်သွယ်၊ နယ်ပါယ်၌်ဆော်သြ၊ ထုံးအိုးတွေရေမှာမျှောတယ် (သင်း) တောက်လျှောက်လျှော။ ။

မြန်မာယဉ်ကျေးမူနယ်ပါယ်တစ်လျှောက်မှာ အထင်အရှားသီးခြားရပ်တည်နေတဲ့အတတ်ပညာ တခုရှိခဲ့ပါတယ်။ ရပ်ဓလေ့ ရွာဓလေ့အစွဲဟာဒီနေ့အထိ ထင်ထင်ရှားရှား ရှိနေဆဲပါ။ နှစ်ပေါင်း (၁၄၅)နှစ် ရှိနေပြီးဖြစ်တဲ့ လောကီ၊ လောကုတ္တရာနှစ်ဖြာသောအသိပညာတွေနှင့် ပြည့်စုံတဲ့ ပညာရှိတစ်ဦးရဲ့ အထက်ပါအတိတ်တဘောင်နဲ့ လက်ရှိ ဖြစ်ပျက်နေတဲ့ မြန်မာ နိုင်ငံအခြေအနေတွေနှင့် အနာဂါတ်မြန်မာနိုင်ငံရဲ့ ဖြစ်ပေါ်လာမည့်နိမိတ်ပုံတွေကိုအတိတ် ဆောင်ပြီး မြန်မာပြည်သားအားလုံးဝိုင်းပြီးစဉ်းစားကြပါစို့။ ။

မြန်မာပြည်ဆိုတာ ဇမ္ဗူဒီပါလက်ယာတောင်ကျွန်းသြဘာနိမိတ်ထွန်းတဲ့ကျွန်းလို့ ယုံကြည်ခဲ့ကြတာဆိုတော့ တဘောင်အစမှာ“သာသနာတဝက်ခရီးမှာလ”လို့အစချီထားပါတယ်။ ဗုဒ္ဓဘာသာဝင်အပေါင်းသက်ဝင်ယုံကြည် လက်ခံအတည်ပြုထားကြတာက သာသနာငါးထောင်ကိုတဝက်ဝက်လိုက်လျှင် နှစ်ထောင့်ငါးရာ အဲဒီ နှစ်ထောင့်ငါးရာသာသနာကျော်သောအခါမှာ “ကနက်ထီးတွေနဲ့” ကနက်ကဒါန် ထီးဖြူလို့ခေါ်တဲ့ ထီးသုံးနန်းသုံး တန်ခိုးအာဏာရှိသူတို့ရဲ့ အမှတ်တံဆိပ်။ ထီးဖြူဆောင်းလျှင်မင်းလောင်းတဲ့ အဲဒီကာလမှာ မြန်မာပြည်ရဲ့ ပြည်နယ်နဲ့ တိုင်း(၁၄) တိုင်းမှာ ဒေသပါတီဥက္ကဌတွေဆိုပြီး အုပ်ချုပ်ခဲ့တဲ့ ကာလနှင့် ကိုက်ညီ တိုက်ဆိုင်နေပါ တယ်။ ရုံးတစ်ရုံး ဓါးတစ်စင်း ဆိုတဲ့အာဏာထူထောင်ရေးကိုတစိုက်မတ်မတ် လုပ်ခဲ့တဲ့အတွက် ကနက်ထီးတွေနဲ့ လို့ ဆိုတာဖြစ်ပါတယ်။ “ပျက်စီးဖို့အရေးကြုံ” အဲဒီလိုသူတို့အာဏာတည်မြဲရေးအတွက် ဘုရင်တစ်ဆူလို မင်းမူပြီး အုပ်ချုပ်နေရင်တော့ ပျက်စီးလိမ့်မည်လို့ ပြောတာဖြစ်တယ်။ ပျက်စီးဖို့အရေးကြုံ ကိုကြုံရလိမ့်မယ်။

“ရွှေပေးမယ် မယ်မယုံ ၊ ငွေပေးမယ် မယ်မယုံ” အဲဒီလိုပျက်ဖို့အရေးကြုံလာတဲ့အခါ တို့ပါတီက ကေဒါ အဆင့် ဆင့်နှင့်တည်ဆောက်ထားတာ။ အောက်ခြေအဆင့်မှ ဗဟိုအဆင့်ထိ ခိုင်ခိုင်မာမာတည်ဆောက်ထားတာ ဘယ်လောက်ပြောပြာ မယုံလိုက်နဲ့တဲ့။ ရွှေတွေငွေတွေ ပုံပေးပြီးပေးတာတောင်မယုံလိုက်နဲ့ ပျက်ကိုပျက်မှာပါလို့ ညွှန်းဆိုနေတာဖြစ်တယ်၊ “နယ်အကုန်ပျက်မည့်အရေးအသိဉာဏ်နှင့်တွေး” ဘယ်လိုပျက်မှာလဲဆိုတော့ မြန်မာ တပြည်လုံး လှည်းနေ လှေအောင်း မြင်းဇောင်း မကျန် အကုန်ပျက်ပါလိမ့်မယ်လို့ တဘောင်က ဆိုခြင်းဖြစ်တယ်။ အဲဒါကြောင့် ၁၉၈၈ မှာ မဆလပါတီ ဘုန်းဘုန်းလဲပြိုကျပျက်စီး အချည်းနှီးဖြစ်ပြီး ကွယ်ပျောက်ခဲ့ပြီ။ မဆလ ပါတီဟာ ဦးနေဝင်းနဲ့အတူ နေဝင်သွားပြီ။

“ဘုရားတွေ ရင်မောက်ရင်ဖြင့်” နဝတခေတ် ၁၉၈၉ ခုနှစ် ဇူလိုင်လလောက်မှစ၍ ကျောက်ဆင်းတု ဗုဒ္ဓရုပ်ပွား တော်တွေရဲ့ မဏိတော်တွေမှာ မျက်နှာတော်တွေမှာ၊ ရင်မောက်လာတယ် ဆိုတဲ့ သတင်းအမျိုးမျိုး ကြားသိ တွေ့မြင်ခဲ့တယ်။ တာမွေနတ်ချောင်းနှင့် သင်္ဃန်းကျွန်းဘက်မှာ တော်တော် လူသိများခဲ့တယ်။ အဲဒီလို ဗုဒ္ဓရုပ်ပွါး တော်တွေ ရင်မောက်ပြီးသောအခါ စေတီ၊ ပုထိုးတော်တွေမှာ ထူးခြားတဲ့ နိမိတ်လက္ခဏာတစ်ခုခုတွေ့ရတဲ့ သတင်းတွေကြားသိခဲ့ရပြန်တယ်။

“တံတားတွေတွင်တွင်ဆောက်ပါလို့” ဗုဒ္ဓရုပ်ပွားတော်တွေ ရင်မောက်ပြီးတဲ့အချိန်မှ စ၍ နဝတ စစ်ဗိုလ်ချုပ် တွေဟာ မြန်မာပြည်အနှံ့ တံတားတွေ အမြောက်အများ ဆောက်လိမ့်မယ်။

“အခြားပြည်ဝင်ကာနှောက်ရင်ဖြင့်” မြန်မာနိုင်ငံမှာ နိုင်ငံရေးအခြေအနေတွေ ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်ဖို့ တွေ့ဆုံ ဆွေးနွေးရေးဖြစ်ဖို့၊ သင်ပုန်းချေရေးတွေဖြစ်ဖို့၊ ကိုယ့်အမျိုးသားအချင်းချင်း ညှိညှိနှိုင်းနှိုင်း ပြုလုပ်ဆောင်ရွက်ဖို့၊ အတိုက်အခံအင်အားစုတွေနဲ့ နအဖ ကြားတင်းမာမှုတွေ ဆက်ဖြစ်နေအုံးမယ် ဆိုရင်တော့ ကုလသမဂ္ဂအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးက ဝင်ရောက်စွက်ဖက်ပြောဆိုဆွေးနွေးလာတဲ့ အခါ “ပြည်တော်ပြန် စုငယ်ထွေးကို နန်းအပ်မှ အေး” စုငယ်ထွေးဆိုသည်မှာ အများသိကြတဲ့အတိုင်း ဗိုလ်ချုပ်အောင်ဆန်း၏ သမီးထွေး ဒေါ်အောင်ဆန်းစုကြည်ကို ပြောခြင်းဖြစ်တယ်။ ဘာကြောင့်အပ်ခိုင်း သလဲဆိုရင် လူထုဆန္ဒနှင့်အညီ ရွေးချယ် တင်မြှောက်ထားတဲ့ အနိုင်ရပါတီဖြစ်သောကြောင့် အဓမ္မသိမ်းယူထားသော တိုင်းပြည်အာဏာကို အပ်လိုက်မှ မြန်မာ့နိုင်ငံအရေး အေးသွားမယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။

“တန်ခူးကုန် ကဆုန်ဆန်းပြန်တော့ ပျိုနုဖြန်းရယ်က ဟန်တော့မယ်” တစ်တိုင်းပြည်လုံး ပါတီစုံ ဒီမိုကရေစီစနစ် ကျင့်သုံးမယ်လို့ ကော်မရှင်က ခွင့်ပြုခဲ့တာကြောင့် တရားဝင်တည်ထောင်ထားတဲ့ ပါတီတွေက မိမိတို့ မဲဆန္ဒ နယ်မြေအသီးသီးကို မဲဆွယ်စည်းရုံးကြမယ်။ အဲဒီ စည်းရုံးရေးကာလမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဆောင်ပုဒ်က “ငုနဲ့ ပိတောက် နွေမှာလှိုင်သည်၊ စုနဲ့ ခမောက် မေမှာ နိုင်မည်” လို့ ကြွေးကြော်ခဲ့တာမဟုတ်လား။ ၁၉၉၀ ခုနှစ်မေလ(၂၇)ရက်နေ့မှာ ပါတီစုံဒီမိုကရေစီစနစ်နဲ့ ယှဉ်ပြိုင်တဲ့အခါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲနိုင်လိမ့်မယ်ဆိုတဲ့ ကြိုတင်နိမိတ်သဘောဖြစ်တယ်။

“အသွယ်သွယ် နယ်ပယ်၌ဆော်သြ” အဲဒီလို မဲနိုင်ပြီးသောအခါ ကမ္ဘာ့ထုံးတမ်းအစဉ်အလာ ရှိသည်နှင့် အညီ နိုင်ငံတော်အတွက် ဥပဒေတွေ ရေးဆွဲလိမ့်မယ်။ တနည်း တိုင်းပြုပြည်ပြုလွှတ်တော် ခေါ်ယူလိမ့်မယ်။ ရေးဆွဲပြီးတဲ့ ဥပဒေတွေကို ပြည်နယ်အသီးသီးကို ရှင်းလင်းတင်ပြ အတည်ပြုချက် တွေယူဖို့အတွက် မြန်မာပြည် အနှံ့ လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် ဆော်သြလိမ့်မယ်။

“ထုံးအိုးတွေ ရေမှာမျှောတယ်၊ (သင်း) တောက်လျှောက်လျှော” ပြည်သူ့လွှတ်တော် ခေါ်ယူပြီးလို့ ရေးဆွဲ အတည်ပြု လာတဲ့ ဥပဒေတွေဟာ ရှေးထုံးတွေဖြစ်တဲ့ (၁၉၄၇)ခုနှစ် ဥပဒေ၊ (၁၉၇၄) ခုနှစ် ဥပဒေ အစရှိတဲ့ မဆလအကြိုက်ရေးဆွဲခဲ့သော ထုံးနည်းဥပဒေတွေ ရေစုံမျှောမယ်၊ ပျောက်ပြယ်သွားမယ် လို့ပြောခြင်းဖြစ်တယ်။ မဆလခေတ်ကို ထူထောင်ခဲ့တဲ့ အခြေခံဥပဒေနှင့်အတူ ၎င်းဥပဒေတွေကို အသက် သွင်းခဲ့ကြတဲ့ နေဝင်း၊ စိန်လွင်၊ မောင်မောင်၊ စောမောင်ကအစ ၎င်းဥပဒေ တွေကို ဆက်ပြီးအသက်သွင်းချင်တဲ့ ခင်ညွန့်အပါအဝင် သန်းရွှေအဆုံး နအဖ တစ်ခုလုံး ပတ်သက်ဆက်နွယ်နေတဲ့ သင်းတို့ တတွေလည်း လျှောမှာပဲလို့ ပြောခြင်း ဖြစ်တယ်။

အောင်ဆန်းလွှတ်တော် မင်းလောင်းပေါ် ဆိုသည့် တဘောင်စကားသည် ကွယ်လွန်သွားပြီဖြစ်သော ဗိုလ်ချုပ် အောင်ဆန်းက လွှတ်တော်မခေါ်နိုင်တော့ပါ။ သို့သော် ဗိုလ်ချုပ်၏ သွေးဆက်ဖြစ်သော သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်မှ တတိုင်းပြည်လုံးရှိ မဲဆန္ဒရှင်များ၏ ဆန္ဒအရ အနိုင်ရပါတီက ဦးဆောင်၍ ပြည်သူ့ လွှတ်တော်ခေါ်ယူလိမ့်မယ်လို့ အဓိပ္ပါယ်သက်ရောက်တဲ့ တဘောင်စကားဖြစ်ပါ တယ်။ ဒီနေ့အနှစ် ၂၀ ကျော် ကာလအထိ လွှတ်တော်မခေါ်ယူနိုင်တာဟာ စစ်အစိုးရသည် ၎င်းတဘောင်စကားများကို မပျက်ပျက်အောင် နည်းအမျိုးမျိုးနှင့် ဖျက်နေခြင်း၊ ဓါတ်ရိုက် ဓါတ်ဆင် ပြုလုပ်ခြင်း၊ ယတြာ အမျိုးမျိုးပြုလုပ်ခြင်း၊ နာမ်နှိမ်ခြင်း အစရှိတဲ့ ထေရဝါဒနှင့်ဆန့်ကျင်သော သူတို့အာဏာတည်မြဲဖို့အတွက် နည်းမျိုးစုံသုံးပြီး ဖျက်နေခြင်းဖြစ်တယ်။ လွှတ်တော်မပေါ်ရေး၊ လွှတ်တော်မခေါ်နိုင်ရေးအတွက် အချိန်ဆွဲခြင်း ၊အမျိုးအစား လေသံတူ ညောင်နှစ်ပင် နောက်ဆုံးထား၍ အမျိုးသားညီလာခံကျင်းပနေခြင်း လွှတ်တော်ကိုယ်အမတ်တွေကို ဖမ်းဆီးထောင်ချနေခြင်း၊ အချို့အမတ်တွေကို တိုင်းပြည်အတွင်းမှာနေလို့မရအောင် နည်းအမျိုးမျိုးနှင့် နှောင့်ယှက်နေခြင်း၊ (၂၀၀၇)ခုနှစ် မေလ (၁၀)ရက်နေ့မှာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပခြင်းအစရှိတဲ့ အောင်ဆန်းလွှတ်တော်မပေါ်ပေါက် အောင် ပြုလုပ်နေခြင်းဖြစ်တယ်။ တဘောင်ဆိုတာ ဆွေးမှမှန်တယ်ဆိုတဲ့ အချက်ကိုတော့ ကိုရွှေ န.အ.ဖ.များ သိမယ်မထင်ပါ။ သာသနာတ၀က် မင်းကောင်းတစ်ဆက်လို့ တဘောင်တွေလဲ ပေါ်ထွက်ခဲ့တာကြောင့် ယနေ့ ကြပ်ပြေးနေပြည်တော်ကိုထူထောင်တော်မူသောသန်းရွှေသည် သူ့ကိုယ်သူဘ၀ရှင်မင်းတြားကြီးလို့ အထင် ရောက်နေသည်။ တကယ်တမ်းဆန်စစ်လိုက်သောအခါ နေ၀င်းအစ သန်းရွှေအဆုံးအားလုံးသောမင်းတို့သည် အဆိုးသက်သက်ဖြစ်ကြသည့်အတွက် သာသနာတ၀က် မင်းဆိုး အဆက်ဆက်ဆိုသည့် စကားနှင့်သာ ညီညွတ် နေပေသည်။ ယခုရေးသော တဘောင်စာကိုဖတ်သူအပါင်းတို့သည်တဘောင်ဖတ်၍အချောင်နှပ်နေခြင်း တဘောင်ရွတ်၍အချောင်လွတ်နေခြင်း တဘောင်နိမိတ် နဲ့ အချောင်အိပ် နေခြင်း၊ တဘောင်သဘောမှာ အချောင်မျှောနေခြင်း တဘောင်စကားတွေနဲ့ အချောင်နားနေခြင်း ဆိုတဲ့ လက်တွေ့မပါသော စိတ်ကူးယဉ်မှု များကိုဖျောက်ဖျက်ပြစ်ပါ။ အဘယ်ကြောင့်ဆိုသော်အင်းဝခေတ်မှသည် ရဲဘော်သုံးကျိပ် ခေတ်အထိ ရွပ်ရွပ်ချွံချွံ သူမတူအောင် တော်လှန်တိုက်ပွဲဝင်ခဲ့သည့်အတွက် လိုရာ ခရီးကို ရောက်ခဲ့ကြပြီး တဘောင်ဟူသည် ဖြစ်ပေါ်ဆဲ နောင်ဖြစ်ပေါ်လာမည့် အနာဂါတ်ကို ထင်ဟပ် စေသောစကားမျိုးဖြစ်သည်။ တနည်းပြောလျှင် နည်းပေးလမ်းပြ သဖွယ်ဖြစ်သည် လက်တွေ့အကောင်အထည် ဖေါ်ရမှာက စနစ်တကျသိသောသူများက ဦးဆောင်လျှက် လိုရာခရီးသို့ရောက်အောင် တိုင်းပြည် အနှံ့ ပြုလုပ် ဆောင်ရွက်ရမှာဖြစ်တယ်။

(၁၃၅၀)ပြည့်လူုထုအရေးတော်ပုံပြီးစက “ဇာနည်ကြက်မ” ဆိုတဲ့ တဘောင်နှင့် ဆက်စပ်ကြည့်ပါ “ဂူပုန်းတဲ့ ခင်ကြီးပျော်တို့ရယ် သမီးတော်လွှတ်လိုက်ပါအုံး၊ ဇာနည်ကြက်မ သူတွန်လျှင် ဇမ္ဓူတခွင်လင်းလို့မဆုံး” လို့ တွေ့ရမှာပါ ။ ဒါကြောင့် မြန်မာနိုင်ငံရေးကို အတိတ်ဆောင်၍ နိမိတ်တဘောင်စကားတွေနှင့် မြန်မာလူထုကို နှိုးဆော်လိုက်ပါတယ်၊ အောင်ဆန်းလွှတ်တော် အမြန်ပေါ် ပေါက်ရေးသည် မြန်မာပြည်သားအားလုံး၏ တာဝန် ပင်ဖြစ်ပါသည်။ ။



မင်းခေါင်မြေး

0 comments:

Post a Comment